မင်းတုန်းမြို့နယ်အတွင်း ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က နေအိမ် (၆) လုံးကို မီးရှို့ဖျက်ဆီး

မင်းတုန်းမြို့နယ်အတွင်း ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က နေအိမ် (၆) လုံးကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း မင်းတုန်းမြို့နယ် ခုန်တိုင်ကျင်းရွာသို့ ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူနေအိမ် (၆) လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း မင်းတုန်းမြို့နယ် ပကဖ က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ (၇) ရက်နေ့ ညနေ (၄) နာရီတွင် စစ်ကောင်စီတပ်က မင်းတုန်းမြို့နယ် ခုန်တိုင်ကျင်းရွာသို့ ရုတ်တရက် ဝင်ရောက်စီးနင်းရာက မင်းတုန်းမြို့နယ် ပကဖနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ပစ်ကူများစွာ ပေးခဲ့ပြီး Drone များဖြင့်ပါ ဗုံးကြဲ ပစ်ကူပေးခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ရုတ်တရက်ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် ပြေးလွှားတိမ်းရှောင်ကြရသည့် ကျေးရွာနေပြည်သူများအား ကာကွယ်ပေးရင်း ပကဖ တပ်ဖွဲ့ဝင်တဦး လက်နက်ကြီး ထိမှန်ကာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ က ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခုန်တိုင်ကျင်းကျေးရွာတွင် ညအိပ်ခဲ့ပြီး နိုဝင်ဘာလ (၈)ရက်နေ့တွင် သပြေတောင်ကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးခဲ့ကာ နိုဝင်ဘာလ (၉)ရက်နေ့ နံနက်အစောပိုင်းတွင် သပြေတောင်ကျေးရွာမှ ပြည်သူများ၏ နေအိမ် (၆)လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး လယ်ကြီးထောင့်ကျေးရွာတွင် ညအိပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် သရက်မြို့နယ် အတွင်းရှိ ကပစ (၁၂)နှင့် မင်းတုန်းမြို့နယ် (၅)မိုင် စစ်ကောင်စီ စခန်းများသို့ အသီးသီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: Mindon Township People Defense Organization