ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၃၃ လုံး မီးလောင်ပြာကျ အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦးကို ဖမ်းဆီးသွား

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၃၃ လုံး မီးလောင်ပြာကျ အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျောင်းကုန်း၊ ဖိုလ်ကုန်းနှင့် သပြေသာရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်(၁၃၃)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူ ခရိုင်ထံမှ သိရသည်။

ဇီးကုန်းသကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား (၁၂၀)ဝန်းကျင်သည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့က ဝင်ရောက်မီးရှို့ရာ ကျောင်းကုန်းရွာမှ နေအိမ်(၄၃)လုံး၊ ဖိုလ်ကုန်းရွာမှ (၂၃)လုံးနှင့် သပြေသာရွာမှ (၆၇)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

“(၉)ရက်နေ့က မီးရှို့တဲ့စစ်ကြောင်းကတော့ (၆၀၀၆)တင့်ကားတပ်ကို ပြန်ဝင်သွားတယ်။ အခု ဒီနေ့ သကြားစက်ကနေ စစ်ကြောင်းထပ်ထွက်လာတယ်ပေါ့နော်။ လောလောဆယ် ဘယ်မှ မဝင်သေးဘူး။ ဇီးကုန်းမူးဘောင်ဘက်မှာလို့တော့ ပြောတယ်။ ဒါပေမယ့် သူတို့ အဲဒီလို စစ်ကြောင်းထွက်တာနဲ့ အနီးအနားရွာတွေက ရှောင်ကြရတာများပါတယ်။”ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် သပြေသာရွာ၌ မီးလောင်ကျွမ်းထားသည့် အရပ်သား ရုပ်အလောင်း တစ်လောင်းတွေ့ ရှိပြီး မည်သူမည်ဝါဆိုသည်ကို အတည်မပြုနိုင်သေးသည့်အပြင် အရပ်သားတစ်ဦးကိုလည်း စစ်ကြောင်းနှင့်တိုး၍ ဖမ်းဆီးခံထားရကြောင်း သိရသည်။

“ဖမ်းဆီးသတ်ဖြတ်ခံရသူကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးနော်။ မီးရှို့ သတ်ခံရသူကို ကျား၊ မလည်း မခွဲနိုင်သေးဘူးပေါ့နော်။ ဖမ်းဆီးခံရတာလည်း ကျား၊ မ မခွဲနိုင်သေးဘူး။ ဘယ်ရွာက ဘယ်သူဆိုတာ မသိရသေးပါဘူး။”ဟု ၎င်းကဆက်ပြော သည်။

ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းတိုက်နယ်သည် စစ်ကောင်စီနှင့် ပျူစောထီးများ အထိုင်ချစခန်းများနှင့်နီးကပ်ခြင်းကြောင့် စစ်ကြောင်းလာသည်နှင့် ပြည်သူများမှာ စစ်ရှောင်နေရသည့်အခြေအနေဖြစ်သည်ဟု ဆိုသည်။

ယနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်တွင်လည်း ဇီးကုန်းသကြားစက်မှ ကား(၄)စီးဖြင့် ထွက်လာသော စစ်ကောင်စီနှင့် ပျူစောထီးများသည် ဇီးကုန်းမူးဘောင်ဘက်သို့ရောက်ရှိနေခြင်းကြောင့် အနီးရှိ ကျေးရွာများမှ ဒေသခံများ ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်မှ နှစ်ပတ်နီးပါးကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ ပျူသင်တန်းတက်‌ရန် အတင်းအဓမ္မဖမ်းဆီးနေခြင်းတို့ကြောင့် ဒေသခံ(၈၀၀၀)ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့