ညောင်ဦးမြို့နယ်အတွင်း စရဖနှင့် ပေါင်းပြီး ဆက်ကြေးကောက်ခံနေသူ ၃ ဦးအား PDF ပစ်ခတ်တိုက်ခိုက်

ညောင်ဦးမြို့နယ်အတွင်း စရဖနှင့် ပေါင်းပြီး ဆက်ကြေးကောက်ခံနေသူ ၃ ဦးအား PDF ပစ်ခတ်တိုက်ခိုက်
နိုဝင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း စရဖနှင့် ပူးပေါင်းပြီး ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသူ (၃)ဦးအား PDF ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ရာ (၂)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ (၃) 21 BAGAN–People Defense Force အဖွဲ့ထံမှ သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများအား ညောင်ဦး စရဖနှင့် ပူးပေါင်းပြီး ဆက်ကြေးကောက်ခံခြင်း နှင့် ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသည့် ကျော်ကျော်ဟန် ၊ စိုးမင်းဦးနှင့် နေအောင် တို့အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့ ည(၉) နာရီခွဲခန့်တွင် မြို့လှကျေးရွာ အရက်ဆိုင်၌ အရက်သောက်နေချိန် တော်လှန်ရေးအင်အားစုများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းတို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကျေးရွာနေ ပြည်သူများအား နည်းလမ်းပေါင်းစုံဖြင့် စိတ်ဒုက္ခပေးနေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း ကျော်ကျော်ဟန်နှင့် စိုးမင်းဦးတို့ (၂)ဦးမှာ နေရာတွင် သေဆုံးကာ စတင်ပစ်ခတ်ချိန်တွင် ထွက်ပြေးသည့် နေအောင်ဆိုသူအား လိုက်လံပစ်ခတ်ရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း 21 BAGAN – People Defense Force အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးအင်အားစုများဘက်မှ လုံခြုံရေးအခြေအနေအရ အမြန်ဆုတ်ခွာခဲ့ရကာ လုံခြုံသည့် နေရာသို့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ (၃) 21 BAGAN – People Defense Force ၊ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ (DYT) နှင့် Black Eagle အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: 21 BAGAN - People Defense Force (ပုံဟောင်း)