နိုင်ငံအတွင်း စစ်ရေးအခြေအနေ အရှုံးနှင့် ရင်ဆိုင်နေရသည့် အချိန်တိုင်း ရာထူးနှင့်တာဝန်အပြောင်းအလဲ လုပ်လေ့ရှိသည့် အာဏာသိမ်း စစ်ကောင်စီက လက်ရှိ ကာကွယ်ရေးဝန်ကြီးကို နေရာကနေ ဖယ်ရှားလိုက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား အစားထိုးခန့်လိုက်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းအား ကာကွယ်ရေးဝန်ကြီး နေရာကနေ ဖယ်ရှားလိုက်ပြီး ၎င်း၏ နေရာအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကို အစားထိုးလိုက်ကာ ဒုတိယဝန်ကြီးချုပ်တာဝန်ပါ တွဲပြီး တာဝန်ပေးလိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးနေရာကနေ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဖယ်ရှားလိုက်သော်လည်း ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်ထားလိုက်ကြောင်းလည်း ထပ်မံ သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်းက စပြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ် ခံရသည်မှာ (၁)နှစ်ကျော်သာရှိသေးပြီး ယခုအခါ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်ရေးရှုံးနှိမ့်နေချိန်၌ ကာကွယ်ရေးဝန်ကြီးနေရာကနေ ဖယ်ရှားကာ လူစားထိုးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံအတွင်း စစ်ရေးအခြေအနေ ထင်သလိုမဖြစ်လာဘဲ အရှုံးနှင့်ရင်ဆိုင်လာရသည့် အချိန်တိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့သည် ၎င်းတို့နေရာကလွဲ၍ အောက်ပိုင်း အဆင့်မြင့်အရာရှိကြီးများကို အပြောင်းအလဲ ပြုလုပ်လေ့ရှိသည်။