ဒီမိုကရေစီအစိုးရလက်ထက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်

ဒီမိုကရေစီအစိုးရလက်ထက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်

ဒီမိုကရေစီအစိုးရလက်ထက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ည (၁၀)နာရီကျော်တွင် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU)၌ ကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း ဝန်ကြီး မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

နာရေးကို ယနေ့ နိုဝင်ဘာလ (၉)ရက်နေ့ မနက် (၁၁) နာရီတွင် မန္တလေးဆေးရုံကြီး ရေခဲတိုက်မှ ရုပ်အလောင်းထုတ်ယူကာ ကြာနီကန်သုဿာန်သို့ ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီက ခန့်အပ်သည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် မန္တလေးတိုင်း အိုးဘိုထောင်တွင်း ထောင်ဒဏ် (၂၈)နှစ်ချထားပြီးနောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံသို့ပို့ဆောင်ထားရချိန် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး (၁၁)ရက်အကြာအတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သေဆုံးချိန်တွင် ဦးဝင်းခိုင်သည် အသက် (၇၃)နှစ်အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါ အပြင်းအထန်ခံစားနေရသည့်အတွက် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်(၇၃)နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးဦးဝင်ခိုင်သည် စစ်ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံခဲ့ရကာ နိုင်ငံ့ဘဏ္ဍာငွေ ကျပ်(၆)ဘီလီယံခန့် နစ်နာမှုကြောင့်ဟုဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ(၅၅)ဖြင့် စစ်ကောင်စီက ထောင်ဒဏ် (၂၈)နှစ် ချမှတ်ထားခြင်းဖြစ်သည်။ 

ဦးဝင်းခိုင်သည် NLD အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ပြောင်းလဲတာ ဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ (၆)ရက်နေ့ကလည်း အိုးဘိုထောင်မှ ပြင်ပဆေးရုံသို့တက်ရောက်ကုသခဲ့ရကာ ကွယ်လွန်သွားခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း မကွယ်လွန်ခင်တွင်  လွတ်ငြိမ်းခွင့်ပေးကြောင်း လာရောက်ဖတ်ကြားခဲ့သေးသည်။

#TachileikNewsAgency