စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို အခုလက်ကျန် စာသင်နှစ် (သို့မဟုတ်) လာမည့် ပညာသင်နှစ်များတွင် အခြေခံပညာကျောင်းများတွင် ထည့်သွင်းသင်ကြားရန် ပြင်ဆင်လာကြောင်း Burma Affairs & Conflict Study ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။
စစ်ကောင်စီမှ လာမည့်ပညာသင်နှစ်များတွင် စစ်တပ်၏ စစ်မှုထမ်း ဥပဒေ ၊ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေနှင့် အာဏာရှင် ဆန့်ကျင်သည့် အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက်ဥပဒေစသည့် ဝါဒဖြန့်ဘာသာရပ်များကို အခြေခံပညာကျောင်းများတွင် ထည့်သွင်းသင်ကြားရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရန်ကုန် ၊ မကွေး ၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ကြီးများတွင် အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကြမ်းဖက်မှု ဥပဒေများနှင့် ပတ်သက်ပြီး ရက်တိုသင်တန်းပေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်းများ၏ ရည်ရွယ်ချက်သည် စစ်ကောင်စီ၏ ဝါဒဖြန့်ဘာသာရပ်များကို ဆရာ၊ ဆရာမများမှတဆင့် Grade (11) နှင့် Grade (12) အတန်းအပါအဝင် အခြေခံပညာကျောင်းများမှ ကလေးငယ်များနှင့် ဆယ်ကျော်သက်လူငယ်များထံ ပျံ့နှံ့ရောက်ရှိစေရန်ဖြစ်ကြောင်း BACS အဖွဲ့က ဆိုသည်။
အဆိုပါ သင်တန်းများကို စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းကို ရန်ကုန်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့က စတင်ခဲ့ပြီး အခြေခံပညာ ဆရာ၊ ဆရာမ (၃၀၀) ကျော် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
မကွေးမြို့၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့က စတင်ခဲ့ပြီး ဆရာ၊ ဆရာမ ၃၀၀ ကျော်၊ မွန်ပြည်နယ် မော်လမြိုင်၌ နိုဝင်ဘာလ (၄) ရက်နေ့က စတင်ခဲ့ပြီး ဆရာ၊ ဆရာမ (၉၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်တန်းကာလအနေဖြင့် တချို့သောသင်တန်းများသည် (၁၀) ရက် ကြာမြင့်မည်ဖြစ်ပြီး ၊ တချို့သင်တန်းများသည် (၁၂)ရက်ကြာမြင့်မည်ဖြစ်ကာ ၊ တခြား စစ်ကောင်စီထိန်းချုပ်ထားသည့် တိုင်းနှင့်ပြည်နယ်များတွင်လည်း မကြာမီ အလားတူသင်တန်းများ စတင်အကောင်အထည်ဖော်လာနိုင်ချေရှိကြောင်း BACS အဖွဲ့က ဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေ၊ ကလော၊ ဟဲဟိုးနှင့် ကရင်နီပြည်နယ်အတွင်းမှ လွိုင်ကော်မြို့တို့တွင် မှုခင်းအသိပညာပေး သင်တန်းများနှင့် တွဲဖက်ပြီး ဥပဒေပညာဖြန့်ဝေရေးဟု အမည်ပေးထားသည့် အဆိုပါ ဝါဒဖြန့်သင်တန်း အမျိုးအစားများကို အခြေခံပညာအထက်တန်းကျောင်း အသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းအပတ် အောက်တိုဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အတွင်း တိုင်းစစ်ဌာနချုပ်အသီးသီးက လက်အောက်ခံတပ်နယ်များတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများကို စစ်တိုင်းမှူးများက ကျောင်းဝတ်စုံ ၊ စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့စရိတ်ပေးပြီး စည်းရုံးမှုများလုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြချက်အရ သိရကြောင်း BACS အဖွဲ့က အသိပေးထားသည်။
ထို့အပြင် နေပြည်တော်၊ ရန်ကုန်၊ ပုသိမ်၊ မန္တလေးနှင့် ပဲခူးရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဖျော်ဖြေပွဲများ ၊ စခန်းချလေ့ကျင့်ရေး သင်တန်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တောင်ငူမြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများကို ပဲခူးတိုင်း ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်း စစ်တိုင်းမှုးတို့က သွားရောက်တွေ့ဆုံ စည်းရုံးမှုများ လုပ်ခဲ့ပြီး စစ်တပ်က ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်၊ စည်းရုံးရေး ကိစ္စများကို အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်ရပ်ဝန်းများကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း BACS အဖွဲ့က အသိပေးထားသည်။
ယခင်က တက္ကသိုလ်ရောက်မှသာ ဥပဒေပညာရပ်ကို သီးသန့်လေ့လာသင်ယူကြရခြင်းဖြစ်ပြီး ယခုလက်ရှိအခြေအနေတွင် အခြေခံပညာကျောင်းများကစပြီး စစ်ကောင်စီ၏ မတရား စစ်မှုထမ်း ဥပဒေ ၊ စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေနှင့် တိုင်းပြည်၏ ဒေသအသီးသီးမှ စစ်တပ်ကို တော်လှန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ပုံဖျက်တံဆိပ်ကပ်ထားသည့် ဥပဒေများကို ဆယ်ကျော်သက်ကလေးငယ်များထံ ဝါဒဖြန့်သင်ကြားရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း အသိပေးထားသည်။
BACS အဖွဲ့သည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ဝါဒဖြန့်မှုများကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
#TachileikNewsAgency
Photo: Burma Affairs & Conflict Study