မြန်မာနိုင်ငံတွင် ရေးအားလျှပ်စစ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်ကို စစ်ခေါင်းဆောင်ဖိတ်ခေါ်

မြန်မာနိုင်ငံတွင် ရေးအားလျှပ်စစ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်ကို စစ်ခေါင်းဆောင်ဖိတ်ခေါ်

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်လုပ်ငန်းများအား လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ်းလှမ်းလိုက်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့က ကူမင်းမြို့တွင်ပြုလုပ်သည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က ယင်းသို့ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

“နေ့စဉ်မဖြစ်မနေအသုံးပြုနေရသည့် လျှပ်စစ်ဓာတ်အားအတွက်လည်း တရုတ်နိုင်ငံတွင် အောင်မြင်ပြီးဖြစ်သည့် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများကို လာရောက်ရင်းနှီးလုပ်ကိုင်စေလိုကြောင်း”ဟု မင်းအောင်လှိုင်က ပြောကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် အခြေခံအဆောက်အဦးများတည်ဆောက်ရာတွင်လိုအပ်သည့် ဘိလပ်မြေ ထုတ်လုပ်ရေးကဏ္ဍကလည်း အခွင့်အလမ်းများစွာရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်ရန် အခြေခံကုန်ကြမ်းများဖြစ်သည့် ထုံးကျောက်၊ ဂျစ်ပဆန်နှင့် ဂေါ်ဒန်ကျောက်များ ပေါကြွယ်ဝသည်ဟုလည်း တရုတ်ကိုပြောဆိုသည်။

တရုတ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နေရာကိုရရှိပြီး ဖြစ်သောကြောင့် လျှပ်စစ်ကားလုပ်ငန်းကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် သည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလျှပ်စစ်သုံးယာဉ် ထုတ်လုပ်ခြင်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်း၊ သံမဏိ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်းစသည့် ကဏ္ဍများတွင်ဦးစားပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုးပေးသွားမည်ဟုလည်း ဆိုသည်။

“လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍများနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ဆုံရာနေရာ၌ အချက်အချာကျကျ တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်မှု လမ်းဆုံနေရာတွင်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း၊  မြန်မာ့လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအ ဆောက်အဦးကဏ္ဍသည်လည်း လူကြီးမင်းတို့အတွက် အလားအလာကောင်းများရှိသည့်အတွက် အသိပေးလိုကြောင်း။”ဟု မင်းအောင်လှိုင်ကပြောဆိုသည်။

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်နေပြီး ယွမ်နှင့် ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝပြုလုပ်နိုင်သည်ဟုလည်း ပြောဆိုသည်။

#TachileikNewsAgency

Photo: ကူမင်းမြို့တွင် ယမန်နေ့က ပြုလုပ်သည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင်