အုတ်ဖိုမြို့အနီး ပျူစောထီး‌ခေါင်းဆောင် ဦးဆောင် ပြုလုပ်နေသည့် လောင်းကစားဝိုင်း PDF ဝင်ရောက်စီးနင်းမှုတွင် ဦးဆောင်သူ ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့အနီး ပျူစောထီး‌ခေါင်းဆောင် ဦးဆောင် ပြုလုပ်နေသည့် လောင်းကစားဝိုင်း PDF ဝင်ရောက်စီးနင်းမှုတွင် ဦးဆောင်သူ ပစ်ခတ်ခံရပြီး သေဆုံး
နိုဝင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့အနီး၌ တောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အောင်မင်းထက် ဦးဆောင်ပြီး ပြုလုပ်နေသည့် လောင်းကစားဝိုင်းအား ရှောင်တခင် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဦးဆောင်ပြုလုပ်သည့် အုပ်ချုပ်ရေးမှူး သေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုတ်ဖိုမြို့အနီးတွင် အရပ်ဝတ် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူကာ ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများ ပါဝင်နေသည့် လောင်းကစားဝိုင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ ညနေ (၃)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှောင်တခင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများနှင့် တခြားသူများ ထွက်ပြေးလွတ်မြောက်သွားသော်လည်း အုပ်ချုပ်ရေးမှူး အောင်မင်းထက်၏ ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ပြီး ၎င်းထံမှ လက်ပစ်ဗုံး (၁)လုံး ၊ ဓားမြောင် (၂)လက် ၊ ငွေသား (၅၀၀၀၀)ကျပ်နှင့် ခါးပတ်အိတ် (၁)ခုတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ဆိုသည်။

အုပ်ချုပ်ရေးမှူး အောင်မင်းထက်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အုပ်ချုပ်ရေးမှူးဟောင်း သက်တင်၏ တူအရင်းဖြစ်ပြီး PDF များအား မိုက်ကြေးခွဲ စိန်ခေါ်ခြင်း ၊ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်း ၊ ငွေကြေးကောက်ခံခြင်း ၊ စစ်တပ်၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်ပါဝင်ခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အချက်အလက်များအား စစ်ကောင်စီထံ ထောက်လှမ်းပေးပို့ခြင်းနှင့် ပျူစောထီးအဖွဲ့ ဖွဲ့စည်းပြီး ပြည်သူများအား ဒုက္ခပေးနေသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က အသိပေးထားသည်။

#TachileikNewsAgency

Photo: မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို