ကန့်ဘလူမြို့နယ် ကျီစုရွာနှင့် ကျောက်တိုက်ရွာတို့ကို စစ်ကောင်စီမီးရှို့ ကာဒီနယ်ချားလ်စ်မောင်ဘိုရွာမှ ဘုရားကျောင်းကိုလည်း ဗုံးသီးချ ဖျက်ဆီး

ကန့်ဘလူမြို့နယ် ကျီစုရွာနှင့် ကျောက်တိုက်ရွာတို့ကို စစ်ကောင်စီမီးရှို့ ကာဒီနယ်ချားလ်စ်မောင်ဘိုရွာမှ ဘုရားကျောင်းကိုလည်း ဗုံးသီးချ ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုရွာနှင့် ကျောက်တိုက်ရွာတို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ယမန်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမှထွက်လာသည့် အင်အား(၇၀)ပါ စစ်ကောင်စီတပ်နှင့် ရေဦးမြို့နယ် အောင်သာယာပျူစောထီးစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သည် ကာဘိုးပျူစောထီးစခန်းတွင် ညအိပ်တပ်စွဲကြောင်း သိရသည်။

ထို့နောက် ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား (၁၅၀)ဝန်းကျင်သည် ကန့်ဘလူမြို့နယ် ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့အား ဝင်ရောက်မီးရှို့ခဲ့သည့်အပြင် ကျီစု၊ ကျောက်တိုင်နှင့် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာတို့အား Drone ဖြင့် ဗုံးသီး(၈)ကြိမ်ချ တိုက်ခိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်မှုရှိ၊ မရှိကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့ကို စစ်ကောင်စီတပ်က ၂၀၂၂ခုနှစ်အတွင်းကလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ညနေပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်သည် ကျောက်တိုင်ရွာကို ဝင်ရောက်မီးရှို့ကာ တပ်စွဲထားပြီး Drone များဖြင့် ခင်ဦးနယ်အနောက်ဘက်ခြမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို၏ ဇာတိရွာဖြစ်သော မုံလှစံပြကျေးရွာ ကက်သလစ်ဘုရားကျောင်းပေါ်ကို ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မုံလှစံပြရွာ ကက်သလစ်ဘုရားကျောင်းမှာ ခေါင်းလောင်စင်တဝက် ထိမှန်ပျက်စီးမှုရှိကာ ဘုရားကျောင်းဆောင်အတွင်း အမိုးများ ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo :၂၀၂၂ခုနှစ် အတွင်းက စစ်ကောင်စီတပ်မှ ကျီစုရွာနှင့် ကျောက်တိုက်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့စဥ် (ပုံဟောင်း)