ဟိုပန်မြို့ လူသတ်မှုကျူးလွန်သူများကို UWSA က သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ် 

ဟိုပန်မြို့ လူသတ်မှုကျူးလွန်သူများကို UWSA က သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ် 

ရှမ်းပြည်နယ် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူနှစ်ဦးကို သေဒဏ်ချမှတ်ကာ ပါဝင်သူ(၅)ဦးကို တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်(၁၅)နှစ်စီ ချမှတ်ကြောင်း သိရသည်။ 

၎င်းတို့ကို တရားစီရင်ရေးအခမ်းအနားအား ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဟိုပန်မြို့နယ်ရှိ ယဥ်ကျေးမှုကွင်း၌ ပြုလုပ်ခဲ့ရာ UWSA က ဒေသခံများကိုလည်း လာရောက်ကြည့်ရှုခွင့်ပြုခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် လူထုပညာပေးလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

“လူသတ် မုဒိမ်းမှုကျူးလွန်သူတွေ အဓိကတရားခံ(၂)ဦးကို သေဒဏ်စီရင်ချက်ချပြီး အပေါင်းအပါတွေကို နှစ်ရှည်ထောင်ဒဏ်ချ။ ကျနော်တို့ ဝပြည်မှာ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်ရေးအတွက် နှစ်စဥ်လူထုရှေ့မှောက်မှာ ပွင့်လင်းမြင်သာမှုတခု ဝပြည် တရားဥပဒေနဲ့အညီ လုပ်ဆောင်နေကျတာပါ။”ဟု UWSA ၏လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက Tachileik News Agency ကိုပြောသည်။

ယခုနှစ် ဩဂုတ်လ(၃)ရက်နေ့က ဟိုပန်မြို့ရှိ Moon Sun စတိုးဆိုင်တစ်ခုတွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့စဉ် မိသားစုဝင်(၄)ဦး ဒဏ်ရာရပြီး ဆေးရုံပို့ခဲ့ရကာ အသက်(၈)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါအမှုတွင် လူသတ်မှုကျူးလွန်သူ အသက်(၂၀)ဝန်းကျင် မောင်စိုင်းကျော်ထွန်း ဆိုသူအပါအဝင် (၂)ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး အပေါင်းအပါ (၅)ဦးကို ထောင်ဒဏ်(၁၅)နှစ်စီချမှတ်လိုက်ခြင်းဖြစ်သည်။ 

ဟိုပန်မြို့သည် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလ ပထမပိုင်းအတွင်း ညီနောင်မဟာမိတ်တပ်များသိမ်းပိုက်ပြီးနောက် UWSA ထံ အပ်နှံလိုက်သည့် မြို့လည်းဖြစ်သည်။

#TachileikNewsAgency