အကျပ်အတည်းဆိုက်နေသည့် ယနေ့ ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံအားလုံး တစုတစည်းတည်း ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကျရောက်သည့် ကုလသမဂ္ဂနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောဆိုသည်။
ကုလသမဂ္ဂကို ကမ္ဘာကြီးအတွက် ကမ္ဘာကြီးက ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကမ္ဘာ့တစ်ဝန်းက ပြဿနာများအတွက် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းများကို စုပေါင်းရှာဖွေရန် ကုလသမဂ္ဂသည် ၁၉၄၅ ခုနှစ်ကတည်းက နိုင်ငံများ ပေါင်းစည်းရာနေရာ ဖြစ်လာခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆိုသည်။
တင်းမာမှုများကို လျှော့ချနိုင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး ပေါင်းကူးတံတားများ တည်ဆောက်ရန် ၊ ဆင်းရဲမွဲတေမှု ပပျောက်စေရန် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအားပေးရန်နှင့် အကာအကွယ်မဲ့ဆုံးသူများအတွက် ရပ်တည်ပေးရန် ၊ ပဋိပက္ခများ ၊ အကြမ်းဖက်မှုများ ၊ စီးပွားရေးအခက်အခဲများနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်နေရသည့် လူများဆီကို အသက်ကယ် အထောက်အပံ့များ ပေးအပ်နိုင်ရန် ဖြေရှင်းနည်းများကို စုပေါင်းရှာဖွေခဲ့သည့်နေရာဖြစ်သည်ဟုလည်း ဆိုသည်။
အမျိုးသမီးများနှင့် မိန်းကလေးများအတွက် တရားမျှတမှုနှင့် သာတူညီမျှမှုများကို ဖော်ဆောင်ပေးနိုင်ရန် ၊ ရာသီဥတုပြောင်းလဲမှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အေအိုင် ဉာဏ်ရည်တုနှင့် အာကာသ စသည့် ၁၉၄၅ ခုနှစ်တုန်းက မတွေးဆနိုင်ခဲ့သည့် ပြဿနာများကို ကိုင်တွယ်နိုင်သည့် ဖြေရှင်းနည်းများဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆိုသည်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း၌ အထွေထွေညီလာခံတွင် အနာဂတ်အတွက် သဘောတူညီချက် (Pact for the Future)၊ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် သဘောတူညီချက် (Global Digital Compact)နှင့် အနာဂတ်မျိုးဆက်များဆိုင်ရာ ကြေညာချက် (Declaration on Future Generations) များကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်ဟု ဆိုသည်။
“ဒီလိုသမိုင်းမှတ်တိုင် စိုက်ထူနိုင်တဲ့ သဘောတူညီချက်တွေဟာ ကုလသမဂ္ဂစနစ်ကို လိုက်လျောညီထွေဖြစ်အောင်၊ ပြုပြင်ပြောင်းလဲနိုင်အောင်နဲ့ အားသစ်လောင်းနိုင်အောင် အတူတကွ ပံ့ပိုးပေးပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အပြောင်းအလဲတွေနဲ့ စိန်ခေါ်မှုတွေအတွက် အံဝင်ခွင်ကျဖြစ်ပြီး အားလုံးအတွက် ဖြေရှင်းနည်းတွေပေးနိုင်မှာဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။
ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာ ဥပဒေများ၏ ကာလ အကန့်အသတ်မဲ့ တန်ဖိုးများနှင့် အခြေခံမူများအပြင် လူတိုင်း၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများအပေါ်တွင် အမြဲအခြေခံနေရမည်ဖြစ်သည်ဟုလည်း ဆိုသည်။
“အကျပ်အတည်းဆိုက်နေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ မျှော်လင့်ချက်ထားနေရုံနဲ့ မလုံလောက်ပါဘူး။ မျှော်လင့်ချက်မှာ ငြိမ်းချမ်းရေး၊ အတူဝေမျှခံစားရမယ့် သာယာဝပြောမှုနဲ့ တိုးတက်အောင်မြင်နေတဲ့ ကမ္ဘာတစ်ခုအတွက် ပြတ်သားတဲ့ လုပ်ဆောင်မှုနဲ့ ဘက်စုံဖြေရှင်းနည်းတွေ လိုအပ်ပါတယ်။ မျှော်လင့်ချက်မှာ နိုင်ငံအားလုံး တစ်စုတစ်စည်းတည်း ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မျှော်လင့်ချက်မှာ ကုလသမဂ္ဂ လိုအပ်ပါတယ်။” ဟု အန်တိုနီယို ဂူတာရက်စ်က ပြောသည်။
ယနေ့ ကျရောက်သည့် ကုလသမဂ္ဂနေ့တွင် ကမ္ဘာကြီးအတွက် အဆိုပါ မျှော်လင့်ချက်ရောင်ခြည်ကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ၎င်း၏ စံနှုန်းများကို ဆက်လက်တောက်ပနေစေရန်အတွက် နိုင်ငံအားလုံးကို နှိုးဆော်လိုက်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ အသိပေးပြောဆိုခဲ့သည်။
#TachileikNewsAgency