မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာအကျဉ်းထောင်တွင် သောက်ရေ မသန့်ရှင်းမှုနှင့် သုံးရေ မလုံလောက်မှုတို့ကြုံနေရ၍ ပြင်ပမှ ဝယ်ယူနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေ သန့်ရှင်းမှုမရှိ၍ အကျဉ်းထောင်တွင်းပေးသည့် ရေနွေးကိုသာ အအေးခံ၍ သောက်သုံးနေကြရပြီး အကျဉ်းထောင်ရှိ ရေသန့်စက်မှာ မကြာခဏပျက်သည့်အပြင် ရေညှိများ မကြာခဏတက်သဖြင့် သောက်ရေသန့်မရဘဲဖြစ်နေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကျဉ်းထောင်မှ ရောင်းချသော သောက်ရေသန့်ဘူးများကို တစ်ဗူးလျှင် ကျပ် (၁၅၀၀)ဖြင့် ဝယ်ယူနိုင်သော်လည်း မဝယ်နိုင်သူများနေသဖြင့် ရေကို ကျိုချက်သောက်သုံးနေကြရကြောင်း သိရသည်။
ယင်းအပြင် ထောင်အတွင်း ချိုးရေလည်း မလုံလောက်၍ ထောင်ပြင်ပမှ ရေကားတစ်စီးလျှပ် ကျပ် (၆၀၀၀၀)အထိပေး၍ ဝယ်ယူသုံးစွဲနေကြရသည်ဟု အဆိုပါကွန်ရက်က သတင်းထုတ်ပြန်သည်။
သုံးစွဲရေမလုံလောက်သည့်နောက်ဆက်တွဲအဖြစ် အကျဉ်းသားများတွင် ယားနာကဲ့သို့ အရေပြားပြဿနာများ ဖြစ်ပေါ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလောက်စွာမရကြကြောင်း သိရသည်။
မိတ္ထီလာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအပါအဝင် အကျဉ်းကျခံနေရသူစုစုပေါင်း (၅၀၀၀)ဝန်းကျင် ထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency