ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီး အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီး အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းအုပ်စု၊ ယောကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၅)ရက်နေ့၌ လက်လုပ် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များက အဝေးမှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲရန် စီစဉ်ထားသော်လည်း ကျေးရွာအနီး ကင်းပုန်းဝပ်သည့် ပျူစောထီးအဖွဲ့များနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု လင်းယုန်နီ ကန့်ဘလူအဖွဲ့က ပြောသည်။

“ဒီကောင်တွေ (ပျူစောထီး)က လင့်စင်ထိုးပြီး ကင်းစောင့်နေတာ၊ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့တော့ ပစ်ခတ်မှုတွေဖြစ်တယ်၊ လင့်စင်ပေါ်ကနေ (၃)ယောက်လောက် ပြုတ်ကျသွားတယ်”ဟု လင်းယုန်နီကန့်ဘလူအဖွဲ့က Tachileik News Agency သို့ ပြောသည်။

ယောကျေးရွာကို ၆၀မမ(၈)လုံး၊ ဒရုန်းဗုံးသီး (၂)လုံးဖြင့် တိုက်ခိုက်ခံရမှန်း သိသွားသောကြောင့် ထန်းကုန်းကျေးရွာဘက်မှ ပျူစောထီးအဖွဲ့များ စစ်ကူလာသဖြင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်ခဲ့ရသော်လည်း ထိခိုက်မှု မရှိကြောင်း လင်းယုန်နီကန့်ဘလူ အဖွဲ့က ဆိုသည်။

လင်းယုန်နီကန့်ဘလူ အဖွဲ့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည့် အဖွဲ့များမှာ Kanbalu Underground Warriors၊ MPF U 18၊ မြေပြင်လှုပ်ရှား ညီနောင်များ၊ ကန့်ဘလူ တောင်ဘက်အခြမ်း LPDF အဖွဲ့များ ပါဝင်သည့် စုစုပေါင်းအင်အား(၁၅၀)ခန့်က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများမှ ပြည်သူများကို စစ်တပ်က အတင်းအဓမ္မလူစုကာ စစ်သင်တန်းပေးပြီး တော်လှန်ရေးအဖွဲ့များအား ပြန်တိုက်ခိုက်သူများကို စစ်တပ်က ပြည်သူ့စစ်ဟု ကင်ပွန်းတပ်သလို တော်လှန်ရေးအဖွဲ့များက ပျူစောထီးအဖွဲ့များဟုသာ ခေါ်ဆိုကြသည်။

 

Photo: လင်းယုန်နီ ကန့်ဘလူ