မြောင်မြို့နယ်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မြောင်မြို့နယ်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းရွာနှင့် ငမျှောင်တောင်ရွာအနီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၂)ဦး သေဆုံးကာ (၁၀)ဦးကျော် ဒဏ်ရာရကြောင်း ကနီသားများ၏ ရင်ဖွင့်သံ ထံမှ သိရသည်။ 

စစ်ကောင်စီတပ်သည် တိုက်လေယာဉ် (၂)စီးဖြင့် ညနေ(၅)နာရီခွဲဝန်းကျင်တွင် ဗုံး(၃)လုံး ကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။ 

"လေယာဥ်တစ်စီးက ငမျှောင်တောင်ရွာနားက ဘုရာကြီးနားကို ဗုံး(၂)လုံး ကြဲတယ်။ ရွာနဲ့ ဝေးတော့ ထိခိုက်သူမရှိဘူး။ နောက်ထပ်တစ်စီးက ဇရပ်ကုန်းရွာအရှေ့ပိုင်း ဒေါ်သန်းနုအိမ်နဲ့ ဒေါ်ထူးအိမ်ပေါ်ကိုကျတာ။ အိမ်(၂)လုံး ပျက်စီးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၈၀)ကျော်အရွယ် အဖွားအိုတစ်ဦးနှင့် အသက်(၁၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ နွား(၂) ကောင်၊ ဝက်တစ်ကောင်နှင့် သိုး(၈)ကောင်လည်း သေဆုံးသွားသည်ဟု သိရသည်။ 

ဒဏ်ရာရသူ (၁၀)ဦးမှ ပြင်းထန်ဒဏ်ရာရသူတစ်ဦးကို ဆေးရုံတင်ပို့စဥ် လမ်း၌ ထပ်မံသေဆုံးသွားသည်ဟုလည်း သိရသည်။ 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးတိုင်များလည်း ကျိုးကျပျက်စီးခြင်းများလည်းရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: စစ်ကိုင်းတံတားအနီး ဖြတ်ကျော်ပျံသန်းနေသည့် စစ်ကောင်စီ တိုက်လေယာဥ်များ (ပုံဟောင်း)