ယောဒေသကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀ဦးသေဆုံး ၃၀ ကျော်ဒဏ်ရာရ

ယောဒေသကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀ဦးသေဆုံး ၃၀ ကျော်ဒဏ်ရာရ

မကွေးတိုင်း ယောဒေသကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၁၀)ဦး သေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယခုလအတွင်း ယောဒေသကို လေကြောင်းစစ်ဆင်ရေးများ ရက်ဆက်နီးပါး လုပ်ဆောင်နေကာ စစ်ရာဇဝတ်မှုတင်မက လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ အရပ်သား ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်သည် ယောဒေသကို လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်ခန့် ပြုလုပ်ခဲ့ရာ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၁၀)ဦး သေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရရှိခဲ့ကာ အိမ်မွေး တိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ (၁၆)ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အခြေအနေအသေးစိတ်ကို မသိရသေးဟု ဆိုသည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ကို ပစ်မှတ်ထားကာ အောက်တိုဘာလ (၁၄)ရက်နေ့က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဖျက်အားပြင်း ဗုံးသီးများ၊ ရော့ကတ်များဖြင့် (၄)နေရာကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် ဘော်ပြင်းကျေးရွာသို့ တာဝန်ဖြင့်ခေတ္တရောက်ရှိနေသော ထုတ်လုပ်ရေးဌာနမှ ဌာနမှုး ရဲဘော်ကျော်ဟိန်း (၃၃)နှစ်နှင့် တပ်သား ရဲဘော် တာဇံ (၄၅)နှစ်တို့ ကျဆုံးခဲ့ပြီး အရပ်သား(၉)ဦး ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦး (၂၀)လုံးခန့်ပျက်စီးခဲ့သည့်အပြင် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီအကြမ်းဖက်တပ်သည် နေ့စဉ်နဲ့အမျှ သေဆုံး၊ ဒဏ်ရာရမှုများရှိနေပြီး ထွက်ပြေးသူများ၊ လက်နက်ချ အလင်းဝင်သူများလည်း များပြားနေကာ မြေပြင်ထိုးစစ်ဆင်နိုင်သည့်အခြေအနေ မရှိတော့သည့်အတွက် လေကြောင်းကိုအသုံးပြုကာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကိုပါမချန် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ လုပ်ရပ်များနဲ့ပတ်သက်၍ အပြင်းအထန် ဆန့်ကျင်ရှုံ့ချကြောင်းနှင့် တပ်ဖွဲ့အနေဖြင့် စစ်တပ်၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်များကို အမြစ်ပြတ်သည်အထိ ရည်မှန်းချက်ပန်းတိုင်တူညီသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အဖိနှိပ်ခံပြည်သူများနှင့်အတူ တွန်းလှန်တိုက်ထုတ်သွားမည်ဟုလည်း ဆိုသည်။

  

ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးမပြီးဆုံးသေးသည့်အတွက် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန်နှင့် စစ်ကောင်စီ သတင်းပေး၊ သူလျှို၊ ဒလန်မလုပ်ကြရန်လည်း  အသိပေးထားသည်။

#TachileikNewsAgency

Photo: ၂၀၂၃ခုနှစ် ဒီဇင်ဘာလက နေပြည်တော်တွင် ကျင်းပသည့် လေတပ်ဖွဲ့စည်းခြင်း ၇၆ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တွေ့ရသည့် စစ်ခေါင်းဆောင်များ