ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ ပြည်သူလူထုအား ပစ်မှတ်ထားပြီး ကျေးရွာများ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် (၉)နာရီခွဲတွင် စစ်ကောင်စီတပ်များသည် အုန်းပင်စုကျေးရွာမှ အခြေစိုက်နေထိုင်ပြီး သေဂေလူကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကာ ည (၈)နာရီ အချိန်တွင် စစ်ကောင်စီ တပ်များသည် ကုန်းချောင်းဝမှနေ၍ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ သေဂေလူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၇၁)နှစ်အရွယ် ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလ (၁၄)ရက်နေ့ နံနက် (၁၀)နာရီတွင် ၎င်းတပ်ရင်းမှ လက်နက်ကြီး (၂)လုံးအား ထပ်မံပစ်ခတ်ခဲ့ရာ ကျွန်းကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်တွင် စစ်ကောင်စီတပ်များသည် စဉ်းအိုးခင်မှနေပြီး (၆၁)မမ (၂)လုံး ပစ်ခတ်ခဲ့ရာ သဲဖြူရွာဟောင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ အရပ်သားတဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ ညနေ (၄)နာရီတွင် စစ်ကောင်စီတပ်များသည် ကုန်းချောင်းဝမှနေပြီး ၈၁ မမ (၁)လုံး ပစ်ခတ်ခဲ့ရာ ဒေါင်းမို့ကျေးရွာ အပြင်ဘက်တွင် ကျရောက်ပေါက်ကွဲပြီး နေ့လယ် (၂)နာရီ (၄၅)မိနစ် နှင့် ညနေ (၈)နာရီတွင်လည်း ခလရ-၂၆၄ တပ်ရင်းမှ  (၁၂၀)မမ နှင့် (၁၂၂)မမ စုစုပေါင်း (၄)လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာ၊ လက်ခကျေးရွာနှင့် ထိုးဝါးစိုက် ကျေးရွာအကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း၌လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ နံနက် (၁၀)နာရီတွင် ခမရ-၂၀၊ ခမရ-၃၄၉၊ ခမရ-၃၅၀၊ ခလရ-၅၇ ပူးပေါင်းတပ်များသည် ရှမ်းရွာမှနေပြီး (၈၁)မမ လက်နက်ကြီးအား ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ သားအမိ (၂)ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU