ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်း စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း NUG က၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် ထုတ်ပြန်သည်။ 

NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်သောအဖွဲ့သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးအတွင်း သိမ်းဆည်းရရှိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းဆည်းရရှိခဲ့သော ဘိန်းဖြူဆပ်ပြာခွက် (၁၃၅၂)ခွက်၊ ဘိန်းဖြူထုပ် (၁၂၈၅)ထုပ်နှင့် ဘိန်းမဲ(၁၈)ထုပ် (တထုပ်လျှင် ၁ ပိဿာ ခန့်မှန်း) တို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊ 

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးက ပြည်သူ့တော်လှန်ရေး ရဲဘော်များကို ကူညီစောင့်ရှောက်ပေးသည့် ရပ်မိ ရပ်ဖများကို အထူးကျေးဇူးတင်ကြောင်း ပြောဆိုသည်။ 

ထို့အပြင် ဖမ်းဆည်းရမိထားသည့် စစ်သုံ့ပန်းများကို မေးမြန်းရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက်နိုင်သည်ကို ဝန်ခံကြကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးများ ကိုယ်တိုင်သုံးစွဲရုံသာမက ယခုသိမ်းဆည်းရမိသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ်ဖောက်ကားဖြန့်ချီနေကြောင်း သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သိမ်းပိုက်ရရှိထားသည့် မြို့၊ ရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးကိုဖော်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေးသည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း (တနည်းအား ဖြင့်) ပြည်သူကို အလုပ်အကျွေးပြုရန်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ 

တာဝန်ပေးထားသော စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ၏ မဟုတ်မမှန်သည့် လုပ်ဆောင်ခြင်းများကိုလည်း တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ အကြိမ်ကြိမ် အာဏာသိမ်းမှုများကြောင့် ပြည်သူများနှင့် လူငယ်များ၏ဘဝများ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ပြီး တိုင်းပြည်သည်လည်း မည်သည့်နိုင်ငံနှင့်မှ မယှဥ်နိုင်ပဲ မျက်နှာငယ်ခဲ့ရကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် အကြွင်းမဲ့ စစ်အာဏာလွှမ်းမိုးရေး ရည်ရွယ်ကြောင်း ထင်ရှားသည့်အတွက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို မဖြစ်မနေ ဆင်နွှဲခဲ့ရကြောင်း၊ ခုခံတွန်းလှန်မှုမပြုလုပ်လျှင် နိုင်ငံအနာဂါတ်ပျောက်မည်ဖြစ်သည့်အတွက် ခေတ်သမိုင်း၏ တာဝန်ပေးချက်အရ လက်နက်နှင့် အကြမ်းဖက်နေသူကို လက်နက်နှင့် တွန်းလှန်တိုက်ဖျက်မှရမည်ဟု သန္နိဋ္ဌာန်ချမှတ်ကာ တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ဝန်ကြီးဆက်ပြောသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ပင်လည်ဘူးမြို့ လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက အပြင်းအထန် ခုခံကာကွယ်ခဲ့သော်လည်း တိုက်ပွဲ ၂လ အကြာ အောက်တိုဘာလ (၈)ရက်နေ့တွင် တော်လှန်ရေးတပ်များက မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Ministry of Defence - National Unity Government of Myanmar