ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ONE Fight ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကစားသမား သန့်ဇင်နှင့် ယှဥ်ပြိုင်ခဲ့သည့် ဂျပန်အားကစားသမား တာခဲရုက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအတွက် ငွေကြေးလှူဒါန်းပေးကြောင်း ၎င်းက ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့က ထုတ်ဖော်ရေးသားထားသည်။
တာခဲရုက သန့်ဇင်နှင့် ယှဥ်ပြိုင်အပြီး သန့်ဇင်၏ စွမ်းဆောင်ရည်နှင့် ကစားပုံကို ချီးကျူးခဲ့ကာ ၎င်း၏ အနိုင်ထိုးသတ်ကြေးထဲမှ မြန်မာ့ရေဘေးသင့်ပြည်သူများအတွက် ငွေကြေးထောက်ပံ့မှုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာခဲရုသည် ကစ်ဘောက်ဆင်ကစားသမားဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ (၂၇)ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့်ပြိုင်ပွဲတွင် သန့်ဇင်ကို ဒုတိယအချီတွင် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ဝှေ့ကစားသမား သန့်ဇင်သည် အဆိုပါပြိုင်ပွဲကိုနိုင်ပါက ရေဘေးသင့်ပြည်သူများအား လှူဒါန်းမည်ဟုပြောဆိုထားခြင်းကြောင့် တာခဲရုက ကူညီပေးခြင်းလည်းဖြစ်ကြောင်း သိရသည်။
သန့်ဇင်၏ မန်နေဂျာဖြစ်သူ ကိုဖြိုးဝေကလည်း တာခဲရုက ၎င်းကိုယ်ပိုင်ငွေကြေးထဲမှ ရေဘေးသင့် မြန်မာပြည်သူများထံ အကူအညီပေးရန် သန့်ဇင်ထံ ဆက်သွယ်လှူဒါန်းခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လက ရေကြီးရေလျှံမှုကြောင့် သေဆုံးသူအများအပြားရှိခဲ့ပြီး နေအိမ်ပျက်စီးခြင်း၊ လမ်းပြိုခြင်းများလည်းရှိခဲ့သည်။
#TachileikNewsAgency