မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုက္ကလိကျေးရွာအုပ်စု ကျွန်းသာယာ အပြင်သောင်အတွင်း တွေ့ရှိသည့် ဧရာဝတီလင်းပိုင် သားအမိ (၂)ကောင်အား ကယ်ဆယ်ရေးဆောင်ရွက်ကြောင်း Biodiversity And Nature Conservation Association – BANCA အဖွဲ့မှ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူများသည် မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် ဧရာဝတီလင်းပိုင် သားအမိ (၂)ကောင်အား တွေ့ရှိပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်အမကြီးမှာ အလျား (၅.၆) ပေခန့်ရှိပြီး ၊ ၎င်း၏ ကလေးငယ်မှာ (၂.၅) ပေခန့်ရှိကာ ၎င်း သားအမိအား မုသင်ကျေးရွာဒေသခံ ထိန်းသိမ်းရေးအဖွဲ့ဝင်များ ၊ မွန်ပြည်နယ် ရေလုပ်သားအဖွဲ့ဝင်များ စုပေါင်း၍ ရေနက်၍ ဘေးကင်းသည့်နေရာသို့ ညနေ (၅)နာရီခန့်တွင် အောင်မြင်စွာ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ်) နှင့် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း နှင့် ရန်ကုန်တိုင်း) တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏာန်းအောက်သာ ကျန်ရှိတော့သည့် အရေးကြီး ထိန်းသိမ်းရမည့် မျိုးစိတ်ဖြစ်ကြောင်း သိရသည်။
ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်ရေးအသင်း BANCA သည် နိုင်ငံအတွင်းရှိ မျိုးသုဥ်းရန် အစိုးရိမ်ရဆုံး အန္တရာယ်ကျရောက်နေသောမျိုးစိတ်များ (Critically Endangered species) နှင့် အခြား အရေးကြီးသော နေရပ်ဒေသများအား ၂၀၀၄ ခုနှစ်မှ စတင်ကာ ရှာဖွေဖော်ထုတ်ပြီး ဒေသခံပြည်သူများ ၊ ဒေသခံထိန်းသိမ်းရေးအဖွဲ့များ ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာပညာရှင်များ နှင့် ပူးပေါင်းကာထိန်းသိမ်းရေး ဆောင်ရွက်နေသည့် အဖွဲ့တခုဖြစ်သည်။
#TachileikNewsAgency
Photo: Biodiversity And Nature Conservation Association - BANCA-BirdLife Myanmar