စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ ဖမ်းဆီးခံရ

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon–AJAY)၏ ဦးဆောင်သူတဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ သည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

စစ်ကောင်စီသည် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ရှာဖွေစစ်ဆေးမှုကြောင့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ သည်  မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း Anti-Junta Alliance Yangon – AJAY က သတင်းထုတ်ပြန်ထားသည်။

ကိုပိုင်ဖြိုးမင်း(ခ)ဒီရေသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများမှ အလွန်အမင်းစိုးရိမ်မိသည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်နှင့် လက်ပါးစေတို့သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် လူတစ်ဦး၏ အသက်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ရန်နှင့် အသက်သေဆုံးနိုင်သည်အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်ရန် ဝန်လေးသူများမဟုတ်ကြောင်း သက်သေသာဓကများစွာလည်းရှိခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ 

 

ထို့ကြောင့် မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ) မဲကြီးနှင့် မမြမဉ္ဇူတို့အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသား ရဲဘော်များကို စစ်ကောင်စီမှ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူရယူသွားနိုင်ခြင်းမရှိစေရန်အတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေးအင်အားစုများ၊ သပိတ်အဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန်လည်း တောင်းဆိုထားသည်။ လူထုသပိတ်အင်အားစုများ အနေဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဥ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့အတွက် ပိုမိုကာကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY