လားရှိုးမြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီထံသတင်းပေးသူ (၂၀)ဦးကျော်ကို ဖမ်းဆီးရမိထား

လားရှိုးမြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီထံသတင်းပေးသူ (၂၀)ဦးကျော်ကို ဖမ်းဆီးရမိထား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီထံ သတင်းပေးသူ (၂၀)ဦးကျော်ကို ဖမ်းဆီးရမိထားပြီး လက်ရှိတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

လားရှိုးမြို့ကို MNDAA သိမ်းပြီးနောက် စစ်ကောင်စီတပ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် သတင်းပေးသူ (၂၀)ဦးကျော်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုစတင်ပြီးနောက်ပိုင်း ပြည်သူကတစ်ဆင့် သတင်းပေးခြင်းကြောင့် သိရှိရကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးရမိထားတဲ့ ဒလန်လို့ယူဆရသူတွေကို သေချာစစ်ဆေးပြီး အပြစ်မရှိဘူးဆိုရင် ပြန်လွတ်ပေးပါတယ်။ အပြစ်ရှိတယ်ဆိုရင်တော့ ဆက်လက်ထိန်းသိမ်းထားပါတယ်။ လတ်တလောတော့ သေဒဏ်ပေးတဲ့အထိ ပြစ်ဒဏ်ချတာမျိုး မရှိသေးပါဘူး။ ယာယီဖမ်းဆီးထိန်းသိမ်းထားတာမျိုးဘဲရှိပါသေးတယ်။”ဟု သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

လားရှိုးမြို့နေ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီသတင်း‌ပေးနှင့်ပတ်သက်ပြီး သံသယရှိခြင်း၊ ကြားသိခြင်းများရှိပါက လားရှိုးမြို့ပြန်လည်ထူထောင်ရေး Page တွင် သတင်း‌ပေးတိုင်ကြားနိုင်ကာ နီးစပ်ရာ ရပ်ကွက်ရုံးများတွင်ရှိသော တာဝန်ရှိသူများထံလည်း သတင်းပို့ တိုင်ကြားနိုင်သည်ဟု သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီသတင်းပေးများ၏ သတင်းပေးပို့မှုကြောင့် လားရှိုးမြို့လေကြောင်းမှ ဗုံးကြဲခံခြင်းမရှိစေရန် အင်တာနက်လိုင်းများကို MNDAA က ပိတ်သိမ်းထားကြောင်း သိရသည်။

#TachileikNewsAgency