နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲရာ စစ်တပ်ထောက်ခံ ရပ်ကွက်အုပ်ကြီးအိမ် ထိမှန်ပျက်စီး

နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲရာ စစ်တပ်ထောက်ခံ ရပ်ကွက်အုပ်ကြီးအိမ် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့က ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ထောက်ခံသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေ(၅)နာရီခွဲကျော်နှင့် (၆)နာရီဝန်းကျင်တို့တွင် နောင်ချိုမြို့နယ် ရဲစခန်းနှင့် ဈေးရပ်ကွက် နယ်မြေ(၁၀)အတွင်းသို့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“မနေက ညအစောပိုင်း (၆)နာရီဝန်းကျင်မှာ မြို့ပေါ်ကို နှစ်ကြိမ်ချပါတယ်။ ရဲစခန်းနား တစ်ခါ၊ စျေးရပ်ကွက်နယ်မြေ (၁ဝ)ထဲကို တစ်ခါပါ။ ရဲစခန်းနားတော့ အရှေ့က ထမင်းဆိုင်ထိတယ်တော့ကြားတယ်။ စခန်းထဲကျ၊ မကျတော့ မသိရပါဘူး။”ဟု ဒေသခံတစ်ဦး က Tachielik News Agency ကိုပြောသည်။

ဈေးရပ်ကွက် နယ်မြေ(၁၀)အတွင်းသို့ ကျရောက်ပေါက်ကွဲသည့်ဗုံးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဆရာကျောင်းဆိုသူ၏ နေအိမ်ပေါ်ဖြစ်ပြီး နေအိမ်ပျက်စီးမှုများသည်ဟု သိရသည်။

 

“ဈေးရပ်ကွက်ထဲက တော်တော်ထိတဲ့အိမ်ကတော့ အရင်စျေးရပ်ကွက် အုပ်ကြီးဟောင်းအိမ်ပဲ။ သူက နာမည်ဆိုးနဲ့ကျော်ကြားသူမို့လို့ ရှောင်နေရပါပြီ။ လူမနေနေဘူး အဲဒီအိမ်မှာက။ လူအထိအခိုက်ကို အခုထိတော့ မကြားသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါ အုပ်ချုပ်ရေးမှူး ဆရာကျောင်းဆိုသူမှာ နောင်ချိုမြို့ကို စစ်ကောင်စီတပ်များ အုပ်ချုပ်စဉ်က ရပ်ကွက်နေပြည်သူများထံမှ နည်းမျိုးစုံနှင့် ငွေကောက်ယူ၍ ပြည်သူများကို ဒုက္ခပေးခဲ့သူဖြစ်ပြီး TNLAက သိမ်းပိုက်စဉ် ထွက်ပြေးတိမ်းရှောင်သွားသူလည်းဖြစ်ကြောင်း သိရသည်။

“ဆရာကျောင်းအိမ်အတော်ထိတယ်။ ပြီးတော့ ဆရာကျောင်းအိမ်နဲ့ အနီးနားက အိမ်လည်း နည်းနည်းထိတယ်။ ရဲစခန်းနားကတော့ သေချာမသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီလော်ဘီများ၏ ဖော်ပြချက်အရ နောင်ချိုမြို့နယ်ကို တံတားဦးလေဆိပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မြေပြင်တွင် စစ်ရှုံးနေပြီဖြစ်သည့် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသည့် နယ်မြေများကို လေကြောင်းအားကိုးဖြင့် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ရာ သာသနာ့အဆောက်ဦးများ၊ ကျောင်း၊ ဆေးရုံးများနှင့် နေအိမ်များ ပျက်စီးပြီး လူထိခိုက် သေဆုံးရခြင်းများလည်း ရှိနေသည်။

#TachileikNewsAgency

Photo: CJ