သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲမှု  သုံးရက်အတွင်း ဒေသခံ ၄ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲမှု  သုံးရက်အတွင်း ဒေသခံ ၄ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ
အောက်တိုဘာ 1, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု (၃)ရက်အတွင်း ဒေသခံ (၄)ဦး သေဆုံးကာ (၁၁)ဦး ဒဏ်ရာရကြောင်း TNLA က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ သီပေါမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး စက်တင်ဘာလ (၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲချမှုကြောင့် ဇာတ်စုရပ်ကွက်မှ (၃)ဦး၊ ဇာတ်စုရပ် နယ်မြေ (၃)မှ (၁)ဦးနှင့် စျေးရပ်ကွက် ဘောလုံးကွင်းအနီးမှ (၂)ဦး စုစုပေါင်း (၆)ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး နေအိမ်နှင့် စျေးဆိုင် (၁၀)ခန်းကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။  

စက်တင်ဘာလ (၂၉)ရက်နေ့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် သီပေါမြို့တွင်းသို့ ဗုံးထပ်မံကြဲချခဲ့ရာ သီပေါဆေးရုံ၊ အကောင်းကြိုက် ထမင်းဆိုင်၊ ဂိုးလက်ဖက်ရည်ဆိုင်၊ ဦးကိုဦး အိမ်အနီး၊ စာသင်ကျောင်းအနီး၊ သီပေါတံတားနှင့် မိုးလုံလေလုံအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

ဗုံးကြဲချမှုကြောင့် သီပေါမြို ဓမ္မာရုံရှိ အမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး မြိုဟောင်းသဲကွင်းအနီးတွင် အမျိုးသား (၁)ဦး၊ ပရဟိတအသင်းဝင် အမျိုးသား (၁)ဦး၊ ဆေးရုံအနီးတွင် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး၊  မီးပွိင့်လမ်းဆုံ ကွမ်းယာဆိုင်အနီးတွင် အမျိုးသမီး (၁)ဦး စုစုပေါင်း(၅)ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ထို့အပြင် သီပေါမြို့ ခါလိန်ကျေးရွာကိုလည်း စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးငယ် (၁)ဦး အပါအဝင် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး မိသားစုဝင် (၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ (၃၀)ရက်နေ့ ညအချိန်တွင်လည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် Y-12 လေယာဥ်အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် စက်တင်ဘာလ (၁)လအတွင်းတွင် စစ်ကောင်စီသည် အရပ်သားများရှိရာသို့ ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား(၂၆)ဦး သေဆုံးခဲ့ရပြီး (၄၁)ဦး ဒဏ်ရာရရှိကာ နေအိမ် (၄၇)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF TNLA News