အာဏာသိမ်း စစ်ကောင်စီက လားရှိုးမြို့တွင်း ပြည်သူများ၏ နေအိမ်ပေါ် လေကြောင်းကနေ ထပ်မံ ဗုံးကြဲ

အာဏာသိမ်း စစ်ကောင်စီက လားရှိုးမြို့တွင်း ပြည်သူများ၏ နေအိမ်ပေါ် လေကြောင်းကနေ ထပ်မံ ဗုံးကြဲ
စက်တင်ဘာ 30, 2024 | 2021 Military Coup| ရှမ်းမြောက်

 အာဏာသိမ်းစစ်ကောင်စီက လားရှိုးမြို့ပေါ် ပြည်သူများ၏ နေအိမ်များကို လေကြောင်းကနေ ညစဉ် ဗုံးကြဲတိုက်ခိုက်နေရာ စက်တင်ဘာလ(၂၉)ရက်နေ့ ညပိုင်းက ထပ်မံ ဗုံးကြဲမှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



လားရှိုးမြို့ပေါ် အမှတ်(၁၁)ရပ်ကွက်အတွင်း အောင်စေတနာလမ်းသွယ်(၂)လမ်းထိပ်ရှိ နေအိမ်များပေါ်သို့ ဗုံးကြဲချခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သလို လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။





၎င်းတို့အပေါ် လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် လူသိရှင်ကြား ကမ်းလှမ်းဖိတ်ခေါ်ထားသည့် အာဏာသိမ်းစစ်ကောင်စီသည် လားရှိုးမြို့ပေါ် ပြည်သူများ၏ နေအိမ်များကို ညစဉ် ဗုံးကြဲတိုက်ခိုက် နေခြင်းဖြစ်၍ အပြောတခြား လက်တွေ့တခြား ဖြစ်နေလေသည်။



"စကစ က လားရှိုးမြို့ကို MNDAA လက်ထဲမှာ စည်ကားသွားမှာ အတော်ကြောက်နေပုံရတယ်။ ညစဉ် ညတိုင်း လေယာဉ်နဲ့ လာလာပြီး ဗုံးကြဲနေတာ။ ဘယ်တော့များ ငါတို့အိမ်ပေါ် ကျမလဲဆိုပြီး လန့်နေရတဲ့ ညတွေများနေပြီဗျာ။ နိုင်ငံရဲ့ တပ်မတော်ကြီးက ပြည်သူတွေရဲ့ နေအိမ်ကို လေယာဉ်နဲ့ ဗုံးကြဲတဲ့ ယုတ်ညံ့မှုကို ဘယ်နိုင်ငံမှာမှ မမြင်ဖူး မကြားဖူးဘူးဗျာ"ဟု ရပ်ကွက် (၁၁)တွင် နေထိုင်သူ အမျိုးသားတစ်ဦးက Tachileik News Agency ကို ပြောသည်။





အာဏာသိမ်း စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် လားရှိုးမြို့ပေါ်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ ညပိုင်းတွင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးများစွာ နှင့် ကားများ ထိခိုက် ပျက်စီးခဲ့ရသည်။



ယင်းအပြင် စက်တင်ဘာလ (၂၇)ရက်နေ့ နံနက် (၃)နာရီခွဲကျော်အချိန်ကလည်း ပေါင်(၂၀၀)နှင့် ပေါင်(၅၀၀)အပါအဝင် ဗုံးများဖြင့် အလုံးပေါင်း (၁၅)လုံး ကြဲချတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့၍ အရပ်သားပြည်သူ(၂)ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။





အာဏာသိမ်းစစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လားရှိုးမြို့ပေါ် အပါအဝင် အချို့ မြို့နယ်များတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ၏ နေအိမ်များပေါ် စက်တင်ဘာလ (၁)လုံးနီးပါး ညစဉ် ဗုံးကြဲနေခြင်း ဖြစ်သည်။



 

Photo: Freedom Youth Volunteers-FYV