မတ္တရာမြို့နယ်အနောက်ခြမ်းကို Cluster Bomb ဖြင့် စစ်ကောင်စီတိုက်ခိုက်

မတ္တရာမြို့နယ်အနောက်ခြမ်းကို Cluster Bomb ဖြင့် စစ်ကောင်စီတိုက်ခိုက်

မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ကျွန်းများပေါ်ကို တားမြစ်ပိတ်ပင်ထားသည့် Cluster Bomb ဖြင့် ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။



တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက်(၉)နာရီကျော်တွင် မတ္တရာမြို့တွင်းမှနေ၍ စစ်ကောင်စီတပ်သည် Cluster Bomb နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် (၅)မိနစ်အကြာတွင် ဗုံးနှစ်လုံးထပ်မံပစ်ခတ်သည်ဟု ဆိုသည်။





“လက်နက်ကြီးနဲ့ မတ္တရာမြို့ထဲကနေ ပစ်တာ။ အရပ်သားထိခိုက်မှုတော့ မရှိပါဘူး။ နေအိမ်တွေပေါ်မကျဘူး။ ကျကျခြင်းတော့ မီးလောင်ပါတယ်။ သစ်ပင်တွေတော့ စုတ်ပြတ်သွားတယ်ဗျ။”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။



စစ်ကောင်စီတပ်သည် မတ္တရာမြို့ဘောလုံးကွင်းအတွင်း၌ လက်နက်ကြီးအထိုင်ချထားခြင်းဖြစ်ပြီး ယခင်က ၁၂၀ မမ ဟောင်ဝှစ်ဇာနှင့် ပစ်ခတ်နေရာက ယနေ့တွင် Cluster Bomb ဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။





“ရမ်းသမ်းပစ်ခတ်တာပါ။ ကျွန်းတွေပေါ်မှာတော့ ပြည်သူတွေရှိပါတယ်။ သွားကြည့်တော့ Cluster Bomb ဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတာက အရှေ့ခြမ်း၊ လက်နက်ကြီးနဲ့ထုတာက အနောက်ခြမ်းပါ။”ဟု ၄င်းက ဆက်ပြောသည်။



ယမန်နေ့ကလည်း မတ္တရာမြို့ဘောလုံကွင်းအတွင်းမှနေ၍ အောင်ကန်သာရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့သည်။



#TachileikNewsAgency

#TNA_MAT

Photo: Voice Of Mandalay