စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar ကို ဆန့်ကျင်ကြရန် တော်လှန်ရေးအဖွဲ့များတိုက်တွန်း

စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar ကို ဆန့်ကျင်ကြရန် တော်လှန်ရေးအဖွဲ့များတိုက်တွန်း
ဇွန် 4, 2024 | 2021 Military Coup

စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar လူမှုကွန်ယက်စာမျက်နှာကို ပြည်သူများအသုံးမပြုရန်နှင့် Report ပြုလုပ် ဆန့်ကျင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တောင်းဆိုထားသည်။

ပြည်တွင်း၌ Facebook အသုံးမပြုနိုင်ရန်အတွက် စစ်ကောင်စီက VPN များကို ပိတ်ပင်နေပြီး Facebook အစား ၎င်းတို့ ဖန်တီးထားသည့် My Space Myanmar လူမှုကွန်ယက်ကို Google Play Store ၌တင်လာခြင်းဖြစ်သည်။

"သပိတ်မှောက်ဖို့ကတော့လိုတာပေါ့နော်။ My Space Myanmar မှမဟုတ်ဘူး စစ်တပ်နဲ့ပတ်သက်တာအားလုံးကတော့ ကျနော်တို့သပိတ်မှောက်ရမယ်။ နောက်တစ်ခုက နည်းပညာရှုထောင့်အရပြောရရင် Facebook လို တစ်ကမ္ဘာလုံးကသုံးနေတဲ့ Social App လိုဟာမျိုးကို အစားထိုးဖို့လုပ်တယ်ဆိုတာမျိုးကတော့ သိပ်မဖြစ်နိုင်တဲ့အရာပေါ့။ သို့သော် အစိုးရတစ်ရပ်အနေနဲ့ တစိုက်မက်မက် ပိတ်ပင်သွားရင်တော့ ရေရှည်အတွက်တော့ သတိထားစရာကိစ္စပေါ့နော်။ အရှေ့မှာ ဥပမာပေးစရာ တရုတ်နိုင်ငံကလည်းရှိနေတော့လေ။"ဟု တော်လှန်ရေးထောက်ပို့ App တစ်ခုဖြစ်သည့် ပဒေသာပင်ချန်နယ်တည်ထောင်သူ ကိုပဒေသာက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီ၏ My Space Myanmar ကို အဓိကဦးဆောင်လုပ်နေသူများမှာ Burbrit Beer ၏ Co-founder ဟုလည်းသိရပြီး အဆိုပါလုပ်ငန်းကိုလည်း သပိတ်မှောက်ရန်တောင်းဆိုထားသည်။

"စစ်ကောင်စီရဲ့ My Space Myanmar လူမှုကွန်ယက်ကို သွားမဒေါင်းကြပါနဲ့။ ဒေါင်းရင် Play Store မှာ ဒေါင်းတဲ့ဦးရေ တက်သွားမှာ။ နည်းလေကောင်းလေပဲ။ အဲဒီ App မှာ အကုန်တင်လို့ရတယ်။ စည်းမရှိ၊ ကမ်းမရှိပေါ့ဗျာ။ Facebookမှာက အကုန်တင်မရဘူး။ သတ်မှတ်ချက်ရှိတယ်။"ဟု အိုင်တီလုပ်ငန်းလုပ်ကိုင်သည့် လူငယ်တစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ App သည် Facebook အစားထိုးရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်တပ်၏ ထုတ်ကုန်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်တပ်၏ အကြမ်းဖက်မှုသတင်းများကို ဖုံးဖိရန်ကြိုးစားနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့၏ အကြမ်းဖက်သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှု သတင်းများကို ဖုံးကွယ်ရန်နှင့် လူများ၏ တည်နေရာ အချက်အလက်ကို ခိုးယူရန်အတွက် My Space App ကိုလုပ်ဆောင်ထားခြင်းလည်းဖြစ်ကြောင်း သိရသည်။

"အဲဒီ App ကိုသုံးတာနဲ့ ကင်မရာနဲ့ မိုက်တွေကို ပါမစ်ရှင် (ခွင့်ပြု ချက်)တောင်းတယ်။ အဲဒီတော့ စစ်ကောင်စီက ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အကုန်ရသွားနိုင်တယ်။"ဟု အိုင်တီလုပ်ငန်းလုပ်ကိုင်သူ လူငယ်တစ်ဦးက ပြောသည်။

မေလ(၃၀)ရက်နေ့ကစတင်ကာ မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို VPN ဖြင့် မသုံးနိုင်ရေး၊ VPN ပိတ်ပင်ရေးနှင့် နောက်ဆက်တွဲ ၎င်းတို့ရေးဆွဲထားသည့် My Space Myanmar App ကို အသုံးပြုရေး စီမံချက်ကို ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်မှ အရာရှိများ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထွက်ပေါ်နေသည်။

#TachileikNewsAgency