အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ PNO/PNA က သေနတ်မပါသည့် ပြည်သူ့စစ်အင်အား နှစ်သောင်းကျော်ဖြင့် စစ်သင်တန်းဆင်းကြောင်း သတင်းထုတ်ပြန် 

အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ PNO/PNA က သေနတ်မပါသည့် ပြည်သူ့စစ်အင်အား နှစ်သောင်းကျော်ဖြင့် စစ်သင်တန်းဆင်းကြောင်း သတင်းထုတ်ပြန် 

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်သွားရောက်ပြီးနောက် ပြည်သူ့စစ် အင်အား(၂)သောင်းကျော်ပါသည့် စစ်သင်တန်းဆင်းကြောင်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၃)ရက်နေ့တွင် စစ်ခေါင်းဆောင်သည် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး စက်တင်ဘာလ(၄)ရက်နေ့တွင် ဆီဆိုင်မြို့ကိုသွားကာ လက်အောက်ခံ ပြည်သူ့စစ်များကို စည်းရုံးရေးလုပ်ဆောင်ခဲ့ပြီးနောက် PNO က ယခုကဲ့သို့ အင်အာအများအပြားဖြင့် သင်တန်းဆင်းကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

PNO ၏ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အထူးသ(၆)၊ ရန်ကင်းစစ်ဒေသတွင် PNO ဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်းအောင်ပွဲအခမ်းအနားကို စစ်အင်အားနှစ်သောင်းကျော်ဖြင့် ကျင်းပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အင်အားနှစ်သောင်းကျော်ဖြင့် သင်တန်းဆင်းကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လက်နက်ပေးထားခြင်း မရှိသည်ကို တွေ့ရသည်။

“ကိုယ့်ပိုက်ဆံနဲ့ကိုယ် စစ်ဝတ်စုံ၊ ဖိနပ်၊ ဦးထုပ်ဝယ်ရတယ်။ စစ်ဝတ်စုံအတွက် တစ်ဦးကို (၅)သောင်းတောင်း တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို စက်တင်ဘာလ (၃၀)ရက်နေ့တွင် ပြောသည်။

PNO ၏ အထူးဒေသ (၆) မြင့်မိုရ်တိုင်းတစ်ခုလုံးအတွက် စုဆောင်းထားသည့် ပြည်သူ့စစ်အင်အားကို ယခင်က စက်တင်ဘာလ(၁၁)ရက်နေ့ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ယင်းနေ့သည် မြန်မာပြက္ခဒိန်တွင် ပြဿဒါးနေ့ ဖြစ်သဖြင့် ရက်နောက်ဆုတ်ကာ စက်တင်ဘာလ (၃၀)ရက်နေ့ကို ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။



PNO သည် အင်အားပြသရန် အသက်(၃၅)နှစ် အထက်နှင့် (၅၀)နှစ်အောက်ရှိ မြင့်မိုရ်တိုင်းတစ်ခုလုံးရှိ ဒေသခံများကို ကိုယ့်စရိတ်နှင့်ကိုယ် တက်ရောက်ရန် အတင်းအဓမ္မတပ်သားစုဆောင်းခဲ့ခြင်းဖြစ်ဟုလည်း ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အထူးဒေသ(၆) မြင့်မိုရ်တိုင်း သည် ကလော၊တောင်ကြီး၊ တာချီလိတ် လမ်းမကြီး၏ မြောက်ဘက်ဒေသကို သတ်မှတ်ထားသည့်အတွက် တောင်ကြီး၊ ဟိုပုံးနှင့် ရပ်စောက် စသည့်မြို့များပါဝင်သည်ဟု သိရသည်။

PNO ထုတ်ပြန်သည့် အင်အား(၂)သောင်းကျော်ကိုမူ Tachileik News Agency အနေဖြင့် အရေအတွက် သီးခြားအတည်မပြု နိုင်ပါ။

ပြီးခဲ့သည့် ဩဂုတ်လ(၂၁)ရက်နေ့ကလည်း နောင်တရားမြို့ ဒေသခံပြည်သူများအား မိမိတို့ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အမှတ်စဥ်(၁)၊ စစ်အင်အား(၁)သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဟု ဆိုကာ PNO က စစ်သင်တန်းပေးကာ ဆင်းခဲ့ကြသည်။

#TachileikNewsAgency



Photo: PNA