မကွေးတိုင်း မြိုင်မြို့နယ်အတွင်း ကင်းပုန်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နင်းမိုင်းများကြောင့် ထိခိုက်မှုရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာအား တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းစဉ် သေနတ်တစ်လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း မြိုင်-ပကဖ ထံမှ သိရသည်။
မြိုင်မြို့နယ် တွင်းမပျူကျေးရွာမှ အင်အား (၃၀၀) ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ( ၂၇ ) ရက်နေ့ နံနက် ( ၅ ) နာရီခန့်တွင် ညောင်ဂျစ်ပင်ပျူရွာသို့ ထွက်ခွာလာရာ လမ်းတွင် တော်လှန်ရေးအင်အားစုများက ဆွဲမိုင်းဖြင့် တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။
မိုင်းဧရိယာသို့ ရောက်ရှိလာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းဆွဲကြိုးများအား ဖြတ်တောက်နိုင်ခဲ့သည့်အတွက် တော်လှန်ရေးအင်အားစုများမှ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ထပ်မံတိုက်ခိုက်နိုင်ရန် နောက်ထပ်တစ်နေရာမှ စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။
ထိုသို့ စောင့်ဆိုင်းနေစဉ်တွင် ညောင်ဂျစ်ပင်ပျူရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၆၀ မမ များဖြင့် တော်လှန်ရေးအင်အားစုများရှိနေသည့် နေရာအား ပစ်ခတ်ခဲ့သည့်အတွက် နင်းမိုင်း ၊ တိုက်မိုင်းများ ထောင်ကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ ( ၂၇ ) ရက်နေ့ ည ( ၇ ) နာရီခွဲတွင် ညောင်ဂျစ်ပင်ပျူရွာမှ ကင်းပုန်းထွက်လာသည့် အင်အား ( ၁၀ ) ဦးခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးအင်အားစုများ ထောင်ထားသည့် နင်းမိုင်းများ နင်းမိပြီး (၅) ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများအား ညောင်ဂျစ်ပင်ပျူရွာသို့ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း မြိုင်- ပကဖ က ဆိုသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် စက်တင်ဘာလ (၂၈)ရက်နေ့ နံနက် (၅)နာရီခွဲတွင် ညောင်ဂျစ်ပင်ပျူရွာမှ ပခုက္ကူတပ်မ ( ၁၀၁ ) သို့ ယာဉ်တန်းဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ( ၂၈ ) ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက မိုင်းထောင်သည့်နေရာအား သွားရောက်ရှင်းလင်းခဲ့ရာ G-3 သေနတ် (၁) လက်၊ ၎င်းကျည် (၃၄) တောင့်၊ MA ကျည်ဘောက် (၁) ဘောက်နှင့် ၅.၅၆ ကျည် (၃၆၂) တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မြိုင်ပကဖ၊ ဧရာဒေါင်းပြောက်ကြားတပ်ဖွဲ့၊ BLY ပြောက်ကျားတပ်ဖွဲ့နှင့် Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မြိုင်-ပကဖ