မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး(၆)လုံးဖြင့် ပစ်ခတ် 

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး(၆)လုံးဖြင့် ပစ်ခတ် 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် အခြေစိုက်သည့် အာဏာသိမ်းစစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး (၆)လုံးဖြင့် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့အကူး နံနက် (၂)နာရီခွဲဝန်းကျင် အချိန်က ပစ်ခတ်တိုက်ခိုက်ကြောင်း Brave Warriors for Myanmar (BWM)က သတင်းထုတ်ပြန်လာသည်။

တော်လှန်ရေးအင်အားစုများက ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်နှင့်နီးစပ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် စစ်ရှုံးနေသည့် စစ်ကောင်စီ၏ အဓိကအားထားရသော စစ်တိုင်းဌာနချုပ် ဖြစ်လာခဲ့သည်။ 

လပခ သည် စစ်ကောင်စီ၏ အရေးကြီးသည့် စစ်တိုင်းဌာနချုပ်ဖြစ်သည့်အတွက် BWM နှင့် မဟာမိတ်အဖွဲ့ တို့က တော်လှန်ရေးအတွက် အရေးပါသည့် ပစ်မှတ်အဖြစ် ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

BWM အဖွဲ့သည် ရန်သူစစ်ရှုံးကောင်စီ၏ လေတပ်များအပြင် စစ်ရေးပစ်မှတ်ကြီးများကိုလည်း ရှာဖွေဖော်ထုတ် တိုက်ခိုက်လျက်ရှိရာ တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသအလိုက် ရန်သူ့တပ်ရင်းတပ်ဖွဲ့များ၏အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်များဖြစ်နေသောကြောင့် ရန်သူ၏ Chain of Commandကိုဖြတ်တောက်ဖြိုခွဲရန် ရည်ရွယ်၍ ယခုလို တိုင်းစစ်ဌာနချုပ်များကို ရွေးချယ် တိုက်ခိုက်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ 

BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကို တိုက်ခိုက်ခြင်းမှာ ယခုအကြိမ်သည် တတိယမြောက် တိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၂၄ စက်တင်ဘာလ (၃)ရက်နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့သေးသည်။  

ယနေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Brave Warriors for Myanmar