စစ်ကောင်စီမှ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေချိန်များတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိရောက်စွာ မြှင့်တင်၊ ကာကွယ်ပေးနိုင်ရန် အရေးကြီးကြောင်း ဦးကျော်မိုးထွန်းဆို

စစ်ကောင်စီမှ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေချိန်များတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိရောက်စွာ မြှင့်တင်၊ ကာကွယ်ပေးနိုင်ရန် အရေးကြီးကြောင်း ဦးကျော်မိုးထွန်းဆို

စစ်ကောင်စီမှ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေချိန်များတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိရောက်စွာ မြှင့်တင်၊ ကာကွယ်ပေးနိုင်ရန် အရေးကြီးကြောင်း (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးသည့်အစီအစဉ်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုမတိုင်မီ ဒီမိုကရေစီအစိုးရလက်ထက်တွင် မသန်စွမ်းသူများ အပါအဝင် ထိရှလွယ်သောအုပ်စုများ၏ အခွင့်အရေးအား မြှင့်တင်ကာကွယ်ရေးသည် ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများအတွက် အရင်းအမြစ်နှင့် အထောက်အကူ ပစ္စည်းများ ဖြည့်ဆည်းပေးရန် ကန့်သတ်ချက်များ ရှိခဲ့သော်လည်း ဒီမိုကရေစီ အစိုးရက မသန်စွမ်းသူများအား အစီအစဉ်အမျိုးမျိုးတွင် ပါဝင်စေခြင်းဖြင့် အောင်မြင်တိုးတက်မှုများ ရရှိခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစတင်၍ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ် (MyanmarInformationManagement Unit (MIMU)၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အထိ လူဦးရေ၏ (၁၃) ရာခိုင်နှုန်း သို့မဟုတ် ခန့်မှန်းခြေ ၅.၉ သန်းခန့်က မသန်စွမ်းသူများ ဖြစ်ကြသည်ဟု ဆိုသည်။

ထို့ပြင် စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော မဆင်မခြင် တိုက်ခိုက်မှုများ၊ ဆင်းရဲနွမ်းပါးမှုနှုန်းထား မြင့်တက်လာခြင်းနှင့် ကန့်သတ်ချက်များရှိနှင့်ပြီးဖြစ်သော ကျန်းမာရေးအဆောက်အဦတို့အပေါ် ထပ်တိုးကန့်သတ်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် လက်ရှိ မသန်စွမ်းသူဦးရေမှာ ပိုမိုမြင့်မား နိုင်ချေရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

ပြီးခဲ့သော (၄၅)လတာကာလအတွင်း စစ်ကောင်စီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ပြီး စစ်အုပ်စုမှ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအနက် လေကြောင်းမှတဆင့် မဆင်မခြင် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသများတွင် ကလေးငယ်များနှင့် လူငယ်များ အပါအဝင် အရပ်သား ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အချို့မှာ ခြေလက်အင်္ဂါများဆုံးရှုံးကာ မသန်စွမ်းဘဝသို့ ရောက်ရှိခဲ့ရ၍ ဤနည်းအားဖြင့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေကို မြင့်တက်လာစေခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အစီရင်ခံစာများအရ စစ်ကောင်စီတပ်သားများအနေဖြင့် ကျေးရွာများကို စီးနင်းဝင်ရောက်တိုက်ခိုက်ရာတွင် သာမာန်လူများကဲ့သို့ တုံ့ပြန်နိုင်ခြင်း သို့မဟုတ် ထွက်ပြေးနိုင်ခြင်း မရှိသော ဉာဏ်ရည် မသန်စွမ်းသည့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားသည်ဟု ဖော်ပြထားပြီး အများစုမှာ ညှဉ်းပန်းနှိပ်စက်ခံကြရကာ အချို့မှာ သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။

မသန်စွမ်းသူများနှင့်တကွ မြန်မာပြည်သားများအနေဖြင့် စစ်ကောင်စီမှ ဆက်လက် ကျူးလွန်လျက်ရှိသော ရက်စက်မှုများနှင့် အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် စိန်ခေါ်မှု မြောက်များစွာရှိသည့်ကြားက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရန် ခိုင်မာစွာ စိတ်ဆုံးဖြတ်ထားကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်အာဏာရှင်အား ဆန့်ကျင်သည့် ခုခံတော်လှန်ရေးတွင် မသန်စွမ်းသူ အမျိုးသမီးများကလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှေ့တန်းက တက်ကြွစွာပါဝင် လှုပ်ရှားလျက်ရှိပြီး ၊ မိမိတို့အနေဖြင့် ၎င်းတို့၏ မယိမ်းမယိုင်သော သန္နိဋ္ဌာန်နှင့် ၎င်းတို့၏ ကြီးမားသော ထည့်ဝင်မှုများ ကို အသိအမှတ်ပြုသည်နှင့်အတူ ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်၊ မြှင့်တင်ပေးရေး နှင့် လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးရေးတို့ကလည်း ထပ်တူထပ်မျှ အရေးကြီးသည်ဟု ဆိုသည်။

ဤနေရာတွင် မသန်စွမ်းသူများ ခံစားနေရသည့် ဒုက္ခ အပါအဝင် ပြဿနာ၏ အဓိက အရင်းအမြစ်မှာ စစ်အုပ်စု နှင့် စစ်အာဏာသိမ်းမှုဖြစ်ပြီး ၊ စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် မသန်စွမ်းသူများ၏ အခွင့်အရေးများအား အပြည့်အဝ ခံစားခြင်းကို ထိပါးစေပြီး ၎င်းတို့၏ ရှိရင်းစွဲ စိန်ခေါ်မှုများကိုလည်း ပိုမိုဆိုးရွားစေကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အသိပေးပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations