ခရမ်းမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ ပေးမည်ဟုဆိုကာ စစ်မှုထမ်းရန်ခေါ်ဆောင်သွားပြီး ငွေကျပ် ၁၀ သိန်းသာပေး  

ခရမ်းမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ ပေးမည်ဟုဆိုကာ စစ်မှုထမ်းရန်ခေါ်ဆောင်သွားပြီး ငွေကျပ် ၁၀ သိန်းသာပေး  

ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကျပ်သိန်း(၇၀)ပေးမည်ဟုဆိုကာ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူ၏ မိသားစုဝင်များမှာ ငွေကျပ်(၁၀)သိန်းသာရရှိသေးကြောင်း ၎င်းတို့နှင့်ရင်းနှီးသူများထံမှ သိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ဒုတိယအကြိမ်ခေါ်ယူစုဆောင်းခံရသည့် လူငယ်(၂)ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းမှ ကောက်ခံထားသည့်ငွေကျပ်သိန်း(၇၀)ပေးမည်ဟုဆိုကာ ခေါ်ယူသွားပြီး ဖြစ်သော်လည်း ယနေ့အထိ (၁၀)သိန်းကျပ်သာရရှိသေးသည်ဟု ဆိုသည်။

“ကောင်လေးတွေကိုတော့ ဩဂုတ်လ (၂၄)ရက်နေ့ကပဲခေါ်သွားပြီ စစ်တပ်ထဲကို။ (၁၀)သိန်းပဲရတယ်။ ကျန်တဲ့ ပိုက်ဆံတွေမရသေးဘူး။ ပိုက်ဆံအပြည့်ရဖို့နောက်ထပ် (၁၅)ရက်လောက်ထပ်စောင့်ရမယ်လို့ အုပ်ကြီးတွေကပြောတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒုတိယအကြိမ်စစ်မှုထမ်းရန်ခေါ်ဆောင်ရာတွင် ခရမ်းမြို့နယ်အတွင်း မဲနှိုက်ရွေးချယ်ခြင်းမရှိတော့ဘဲ နေအိမ်များကိုငွေကောက်ခံပြီး စစ်မှုထမ်းလိုသူကို ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ကောင်လေးတွေကို သိန်း(၇၀)ပေးမယ်ပြောပြီးတော့ အုပ်ကြီးတွေက (၁၀)သိန်းအရင်ဆုံးပေးထားတယ်။ ကောင်လေးတစ်ယောက်ဆိုရင် မိန်းမနဲ့ ကလေးကျန်ခဲ့တယ်။ ကောင်မလေးက နေပြည်တော်မှာနေတာ။ သူတို့ကို နေပြည်တော်ပြန်ပို့ပေးမယ်ပြောပြီး ခုထိလည်း မပို့ပေးသေးဘူး။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

 

စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူများမှာ အလုပ်အကိုင်မရှိသည့်အ‌ခြေအနေကိုရောက်နေပြီး ငွေကြေးခက်ခဲခြင်းကြောင့် စစ်မှုထမ်းရန်ရွေးချယ်ကြခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း စီးပွားရေးမပြေလည်သည့်နေအိမ်ကို အနည်းဆုံး(၅၀၀၀)ကျပ်မှ (၁၀,၀၀၀)ကျပ်အထိမှ စတင်ကောက်ယူသည်ဟု သိရသည်။

“စစ်မှုထမ်းဖို့ အသက်ပြည့်ထားတဲ့သူတွေရှိတဲ့ နေအိမ်တွေဆိုရင်တော့ တစ်အိမ်ကို (၂၀,၀၀၀)ကျပ်လောက်က စကောက်တာ။ အခုစစ်မှုထမ်းဖို့လိုက်သွားတဲ့ကောင်းလေးတွေဆိုရင် ငွေကြေးအခက်အခဲရှိလို့ လိုက်သွားကြတာ။ အနေကြပ်တဲ့ဘဝရောက်နေကြတာ။ ထမင်းတောင်ငတ်တဲ့နေ့တွေရှိလို့ လိုက်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပထမအကြိမ် စစ်မှုထမ်းခေါ်စဉ်က အိမ်ငှားများကို ကောက်ခံခြင်းမရှိခဲ့ဘဲ အိမ်ထောင်စုစာရင်းရှိနေအိမ်များကိုသာကောက်ခံသော်လည်း ယခုဒုတိယအကြိမ်တွင်မူ အိမ်ငှားများကိုလည်း ကောက်ခံလာသည်ဟု သိရသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် စတင်ကြောင်း ကြေညာခဲ့ပြီးနောက် မတ်လ(၉)ရက်နေ့တွင် စစ်မှုထမ်းမည်သူများကို စတင်ခေါ်ယူခဲ့ကာ ယင်းနောက်တွင် ရပ်ကွက်၊ ကျေးရွာအလိုက် စစ်မှုထမ်းအကျုံးဝင်သူစာရင်းပြုစုပြီး စစ်မှုမထမ်းမနေရစနစ်ကို အကောင်ထည်ဖော်လာခြင်း ဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူ လူငယ်များအား စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅)အထိ ခေါ်ယူခဲ့ပြီးဖြစ်ကာ အမျိုးသမီးများကိုလည်း စစ်မှုထမ်းရန် စတင်ခေါ်နေပြီဟု သတင်းများလည်းထွက်ပေါ်နေသည်။

#TachileikNewsAgency