တော်လှန်ရေးတပ်ဖွဲ့များအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် လူသိရှင်ကြား ကမ်းလှမ်းဖိတ်ခေါ်ထားသည့် အာဏာသိမ်းစစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်းကနေ ညစဉ် ညတိုင်း ဗုံးကြဲတိုက်ခိုက်မှုအဖြစ် စက်တင်ဘာလ(၂၈)ရက်နေ့က ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က လားရှိုးမြို့ပေါ် ရပ်ကွက်(၈)အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်ဆူဟိုတယ်လမ်းကြားရှိ ကားဝပ်ပေါ်ကျရောက်ကာ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် လားရှိုးမြို့ပေါ် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပိုင် နေအိမ်အဆောက်အဦးများပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ညစဉ် ညတိုင်း ပြုလုပ်နေရာ စက်တင်ဘာလ (၂၇)ရက်နေ့ နံနက် (၃)နာရီခွဲကျော်အချိန်ကလည်း ပေါင်(၂၀၀)နှင့် ပေါင်(၅၀၀)အပါအဝင် ဗုံးများဖြင့် အလုံးပေါင်း (၁၅)လုံး ကြဲချတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့၍ အရပ်သားပြည်သူ(၂)ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က မြေပြင်စစ်ဆင်ရေးတွင် အရေးမလှ၍ ညပိုင်းလူအိမ်နေချိန်များတွင် လေကြောင်းကနေ လားရှိုး၊ သီပေါ နှင့် နောင်ချို စသည့် မြို့နယ်များသို့ ဗုံးကြဲတိုက်ခိုက်နေသည်။
Photo: Nay Wai Soe