မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်းပေးပို့ လှူဒါန်းရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် Project C.U.R.E.( Project - Commission on Urgent Relief and Equipment )ချုပ်ရုံးမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက် နေ့တွင် NUG က သတင်းထုတ်ပြန်ထားသည်။
NUG ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်ရှိ Project C.U.R.E. အပြည်ပြည်ဆိုင်ရာဌာနချုပ်ရုံး၌ Project C.U.R.E. မှ တာဝန်ရှိသူများနှင့် ဇွန်လ(၅)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
အစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် Project C.U.R.E. တာဝန်ရှိသူများအကြား မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်း ပေးပို့လှူဒါန်းမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။
လက်ရှိတွင် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးနွယ်ပေါင်းစုံ ဒုက္ခဆင်းရဲခြင်းမြောက်မြားစွာ ကြုံတွေ့ခံစားနေရသည်ကို နားလည်ကိုယ်ချင်းစာနာကြောင်းနှင့် Project C.U.R.E. အနေဖြင့် မြန်မာပြည်သူများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု President and CEO ဖြစ်သူ Dr. Doug Jackson က ပြောကြောင်းထုတ်ပြန်ထားသည်။
Project C.U.R.E.( Project - Commission on Urgent Relief and Equipment )သည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ နှင့် ကျန်းမာရေးစက်ကိရိယာများကို အကျိုးအမြတ်မယူဘဲ ထောက်ပံ့ ကူညီ လှူဒါန်းပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းကို ၁၉၈၇ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း သိရသည်။