မကွေးတိုင်း ကျောက်ထုနှင့် ဆောမြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်းများ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့က စတင်ကာ ရေကြီးရေလျှံမှုဖြစ်ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းတောင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကျောက်ထုမြို့ရှိ ချောင်းခွ၊ လယ်ကြီးအိုင်၊ တောင်ဇလပ် စစ်ရှောင်စခန်းနှင့် ဆောမြို့မှ မြိုင်ရိပ်ဝေ စစ်ရှောင်စခန်းတို့ ရေနစ်မြုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“မြိုင်ရိပ်ဝေစစ်ရှောင်စခန်းက ရေတော့ပြန်ကျသွားပြီ။ အကူအညီတွေတော့ အများကြီးလိုနေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ရေတိုက်စားမှုကြောင့် လယ်ကြီးအိုင်နှင့် ကံချောင်းကျေးရွာကြား ကျောက်ထု-ဆော ကားလမ်းရှိ ဒေသအခေါ် သံဘောင်တံတားချင်းကပ်လမ်းမှာ ရေတိုက်စားပြီး ပြိုကျသွားကာ ကားနှင့် ဆိုင်ကယ်များ သွားလာရေး ခက်ခဲနေသည်ဟု သိရသည်။
“အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရတယ်။ တောင်ဇလပ်စစ်ရှောင်စခန်းအားလုံးနီးပါး ရေမြုပ်သွားတယ်။ စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ကလေး ရေထဲမျောပါသွားတယ်။ နောက်ထပ် ပျောက်ဆုံးသူတွေလည်း ရှိ နိုင်သေးတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် တောင်ဇလပ်၊ လယ်ကြီးအိုင်၊ ချောင်းခွစစ်ရှောင်စခန်းမှ ပြည်သူများ အရေးပေါ်ရိက္ခာ၊ အ၀တ်အထည်နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
#TachileikNewsAgency
Photo: CJ