ရွှေကုက္ကိုလ်ဒေသအတွင်း ကျားဖြန့်လုပ်ငန်းသို့ ရောက်နေသူများအား တစ်လလျှင် လူ(၁၀,၀၀) ဦးနှုန်းဖြင့် BGF က ထိုင်းဖက်သို့ ပြန်ပို့မည်

ရွှေကုက္ကိုလ်ဒေသအတွင်း ကျားဖြန့်လုပ်ငန်းသို့ ရောက်နေသူများအား တစ်လလျှင် လူ(၁၀,၀၀) ဦးနှုန်းဖြင့် BGF က ထိုင်းဖက်သို့ ပြန်ပို့မည်

 



ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ဌာနချုပ် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့် (အွန်လိုင်းလိမ်လည်ဂိုဏ်း)များထံ ရောက်ရှိနေသူများအား တစ်လလျှင် လူ(၁,၀၀၀)နှုန်း ပြန်လွှဲပေးမည်ဟု နယ်ခြားစောင့်တပ် ( Border Guard Forces - BGF ) တပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။



လက်ရှိတွင် ကနဦးအနေဖြင့် တရုတ်နိုင်ငံသားများအပါအဝင် (၆၁)ဦးကို ထိုင်းနိုင်ငံဘက်သို့ ပြန်လွှဲပေးရန် စီစဉ်ထားပြီဖြစ်သည်ဟု ဆိုသည်။





“ကနဦး ၆၁ ဦးကို ပြန်ပို့ဖို့ စီစဉ်ထားတယ်။ ဒီဘက်က သက်ဆိုင်ရာအစိုးရဘက်ကလည်း သက်ဆိုင်ရာလိုအပ်တဲ့ စစ်ဆေးမှုတွေ စာရွက်စာတမ်းကိစ္စတွေ လုပ်ပြီးသွားပြီ။ ထိုင်းဘက်ကို ပြန်လွှဲဖို့တော့ ပြင်ဆင်ထားပြီးပြီ။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က Tachileik News Agency သို့ ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က ပြောသည်။





အဆိုပါ (၆၁)ဦးတွင် တရုတ်နိုင်ငံသား(၃၉)ဦး၊ အိန္ဒိယနိုင်ငံသား(၁၃)ဦး၊ ပါကစတန်နိုင်ငံသား(၁)ဦး၊ အီသီယိုးပီး ယားနိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၅)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦးနှင့် တာဂျစ်စတန်နိုင်ငံသားတို့လည်း ပါဝင်ကာ အမျိုးသား(၅၄)ဦးနှင့် အမျိုးသမီး(၇)ဦးပါဝင်သည်ဟု သိရသည်။





“ပထမအသုတ်ကို ပို့ဖို့ စီစဉ်ပြီးသား ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းကပေါ့နော်။ ဒါပေမယ့် ဒီဘက်ခြမ်းမှာလည်း သက်ဆိုင်ရာဒေသအာဏာပိုင်းတွေက စိစစ် မေးမြန်းမှုတွေကတော့ ပြီးပြတ်သွားပြီ တစ်ဖက်နိုင်ငံက ပြန်လည်လက်ခံဖို့နေရာမှာ သူတို့ဘက်မှာလည်း အကြီးအကဲတွေ လာဖို့ရှိတော့ တကယ်က ဒီနေ့(ဖေဖော်ဝါရီလ ၅) ပို့ဖို့ စီစဉ်ထားတာပေါ့။ အဲမှာက ထိုင်းဘက်လည်းမှာ အကြီးအကဲတွေ လာဖို့ရှိလို့ အဆင်သင့် မဖြစ်သေးဘူးဆိုပြီး အကြောင်းပြန်လာတာရှိတော့ ခဏဆိုင်းငံ့ထားတာပေါ့။ တောက်လျောက်ပို့တော့မှာ။ လူဦးရေက တစ်လကို (၁,၀၀၀) လောက်ပို့ဖို့စီစဉ်ထားတယ်။ ပို့ချင်တိုင်း ပို့ဖို့ကလည်း အဆင်မပြေဘူး။ တဖက်ကလည်း လက်ခံတဲ့နိုင်ငံဖက်မှာလည်း အခက်အခဲတွေရှိတယ်လေ။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။





ဒုတိယအသုတ်ကို ယခုလအတွင်းပင် ထပ်မံလွှဲပေးရန်စီစဉ်ထားပြီး တောက်လျောက်အသုတ်လိုက် ပြန်လွှဲပေးရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။





“ဒုတိယအသုတ်ကတော့ ကျွန်တော်တို့ အသုတ်လိုက် ပို့ပေးမှာပါ။ ကျွန်တော်တို့ တရားဝင်ပြန်ပို့မှာက စစ်ဆေးမှုတွေပေါ့ ဘယ်ကနေ ဘယ်လိုရောက်လာတယ် အဲဒါတွေကို သေသေချာချာစီစစ်ပြီးမှ လွှဲမှာ။ တဘရိတ်ထဲသွားဖို့ ဆိုတာက ထိုင်းဘက်ကလည်း ပြန်လည်လက်ခံဖို့ အခက်အခဲရှိတယ်။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။





လက်ရှိတွင် BGF ဘက်က ရွှေကုက္ကိုလ်ရှိ ဒေါင်းမေဥယျာဉ်ကို လူမှောင်ခိုမှုနှင့် စပ်ဆက်သည်ဟုဆိုကာ ဇန်နဝါရီလအတွင်းက ချိပ်ပိတ်လိုက်ပြီး လူမှောင်ခိုနှင့်စပ်ဆက်သံသယရှိသည့်နေရာများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု ဆိုသည်။





“အဓိကတော့ ခြေလှမ်းက တစ်လှမ်းခြင်း သွားနေတယ်ပေါ့နော်။ အလုပ်တခုကတော့ ဘယ်အရာမဆို အရင်းအမြစ်ကနေ ကလော်ထုတ်ဖို့ဆိုတဲ့နေရာမှာ ခုနကလို ဝုန်းဒိုင်းကြီးလုပ်လို့မရတဲ့ အနေအထားတွေ အများကြီးရှိတာပေါ့။ အဲ့လို ရှိတဲ့အခါကြတော့ ကျွန်တော်တို့ လူမှောင်ခိုတားဆီးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့ထားပြီးတော့ စစချင်း ဒီကိစ္စကို အကောင်အထည်ဖော်တယ်။ အဲဒီကနေမှတဆင့် နောက်ပြီးတော့မှ နိုင်ငံခြားသားတွေကို ပြန်ပို့ဖို့ ကိစ္စ ကို တရစ်ခြင်းစလုပ်နေတယ်ပေါ့နော်။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။





BGF အနေဖြင့် မြေငှားရမ်း ပေးထားခြင်းသာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ရှယ်ယာဝင်ကာ ပါဝင်ပါတ်သက်နေခြင်းမရှိသော်လည်း ထိုင်းနိုင်ငံဘက်က တောင်းဆိုလာသဖြင့် ရှာဖွေဖော်ထုတ်ကာ ပြန်လည်ပို့ဆောင်ပေးမည်ဟု ဆိုသည်။



“မြေကြီးငှားတဲ့ နှုန်းထားပဲ လက်ခံရရှိထားတာရှိတယ်။ လက်ရှိက အဆောက် အဦး စဆောက်တဲ့အချိန်မှာလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတင်ပြီးမှ ဟိုတယ် လုပ်ငန်းတို့ ဖျော်ဖြေရေးလုပ်ငန်းတို့ အဲဒီလိုမျိုးတွေလုပ်ဖို့ စဘော တူညီမှုတွေ ရခဲ့တယ်။ နောက်ပိုင်းမှ အခုဒီကိစ္စ ကျယ်ကျယ်ပြန့် ပြန့်ဖြစ်လာတဲ့အခါကျတော့ အလေးထားဆောင်ရွက်ရတော့မှာပေါ့။ တဖက်နိုင်ငံက တောင်းဆိုမှုရှိလာတော့ ရှာဖွေပြီးပို့တာတွေ လုပ်ရတော့မှာပေါ့။ ဒီအတိုင်း ကြီးတော့ မထားတော့ပါဘူး။ ရှင်းရှင်းပြောရရင် ပူးပေါင်းဆောင်ရွက်မယ်လို့ စကားအဖြစ်ပြောထားတာမဟုတ် ဘူးလေ။ လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ လုပ်ထားပြီးပါပြီ။”ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။





BGF အုပ်ချုပ်နယ်အတွင်း ထပ်မံ၍ ညှင်းပမ်းနှိပ်စက်မှုများ၊ လူမှောင်ခိုမှုများ ပေါ်ပေါက်လာပါက ပြတ်ပြတ် သားသားကိုင်တွယ်သွားမည်ဟုလည်း ဆိုသည်။



လက်ရှိတွင် BGF ဌာနချုပ် ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံအစိုးဘက်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ လ(၅)ရက်နေ့ နံနက်(၉)နာရီတွင် မီးဖြတ်တောက်ထားပြီ ဖြစ်ကြောင်း သိရသည်။