ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးမှုမှတဆင့်ဖြေရှင်းရန် လေးပွင့်ဆိုင်ခေါင်းဆောင်များ တောင်းဆို

ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးမှုမှတဆင့်ဖြေရှင်းရန် လေးပွင့်ဆိုင်ခေါင်းဆောင်များ တောင်းဆို

မတရားသဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးမှုမှတဆင့် အကြပ်အတည်းကို ဆုံးဖြတ်ဖြေရှင်းရန် လေးပွင့်ဆိုင်ခေါင်းဆောင်များက တောင်းဆိုကြောင်း ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

သြစတေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘားနီးစ်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုနှင့် အမေရိကန် သမ္မတ ဂျိုးဇက်အာရ် ဘိုင်ဒင် ဂျူနီယာတို့သည် ပြီးခဲ့သည့်တစ်ပတ်က ဒယ်လာဝဲပြည်နယ် ဝယ်လ်မင်တန်မြို့၌ လေးပွင့်ဆိုင်ခေါင်းဆောင်များ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ကြသည့် စတုတ္ထအကြိမ်မြောက် ထိပ်သီးညီလာခံတွင် တွေ့ဆုံကာ ယင်းသို့တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

လေးပွင့်ဆိုင် ခေါင်းဆောင်များသည် လွတ်လပ်၍ပွင့်လင်းသည့် အင်ဒိုပစိဖိတ်ဒေသဖြစ်ရန် သံန္နိဋ္ဌာန်ချထားပြီး မြန်မာနိုင်ငံ အပါအဝင် အင်ဒိုပစိဖိတ်ဒေသတွင်းမှ လူပုဂ္ဂိုလ်များနှင့် လူ့အသိုက်အဝန်းများအတွက် လက်တွေ့ခံစားရနိုင်သည့် အကျိုးရလဒ်များကို မည်သို့ဆက်လက်ပေးအပ်နိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

လေးပွင့်ဆိုင်ခေါင်းဆောင်များက ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးဝါးလာလျက်ရှိသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကြောင့် အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်လည်း တောင်းဆိုသည်။

မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာမှုအကူအညီများကို ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိပေးအပ်နိုင်ရန်၊ ပါဝင်ပက်သက်သူများအားလုံးကြားတွင် အပြုသဘောဆောင်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမှတဆင့် အကြပ်အတည်းကို ဆုံးဖြတ်ဖြေရှင်းရန်နှင့် အများပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည်ရန် တောင်းဆိုသည်ဟု ထုတ်ပြန်သည်။

အာဆီယံဥက္ကဌနှင့် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့၏ ဆောင်ရွက်မှုများအပါအဝင် အာဆီယံ အဖွဲ့အစည်းက ဦးဆောင်ဦးရွက်ပြုသည့် ကြိုးပမ်းအားထုတ်မှုများကို အခိုင်အမာထောက်ခံကြောင်း၊ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်တွင်ပါရှိသည့် ကတိကဝတ်များအားလုံးကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုသည်ဟုလည်း ဆိုသည်။

ဆက်လက်ဖြစ်ပွားလက်ရှိသည့် ပဋိပက္ခနှင့် မတည်ငြိမ်မှုတို့က ဆိုက်ဘာမှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှု နှင့် လူကုန်ကူးမှုများကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုးမြင့်လာခြင်းများအပါအဝင် ပြင်းထန်သည့် ဂယက်ရိုက်မှုများကို ဒေသတွင်း၌ ဖြစ်ပွားစေခဲ့ပြီး ဂျက်လေယာဉ်ဆီအပါအဝင် လက်နက်နှင့် စစ်ဘက်အရပ်ဘက်သုံးပစ္စည်းများ စီးဆင်းမှုကို ကာကွယ်တားဆီးကြရန်လည်း နိုင်ငံများအားလုံးကို မေတ္တာရပ်ခံထားသည်။

ထို့အပြင် မြန်မာပြည်သူများအပေါ်  ပြတ်ပြတ်သားသား ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ပြီး ရေရှည်တည်တံ့သည့် ဖြေရှင်းမှုကို ရှာဖွေရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရာတွင် လက်တွေ့ကျပြီး အပြုသဘောဆောင်သည့်နည်းလမ်းများဖြင့် သက်ဆိုင်သူများအားလုံးနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သံန္နိဋ္ဌာန်ပြုသည်ဟုလည်း ထုတ်ပြန်သည်။

#TachileikNewsAgency