မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်နှင့် မယ်ဆိုင်တို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့်အတူ ရွံ့နွံများ တင်ကျန်ကာ နစ်မြုပ်သည့် ဖြစ်စဉ်များကြောင့် (၁၄ )ရက်ကြာသည်အထိ ဆက်လက်ရှင်းလင်းနေကြရဆဲဖြစ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပေါ် ရပ်ကွက်များအတွင်း စက်တင်ဘာလ(၂၄)ရက်နေ့အထိ ရှင်းလင်း၍ မပြီးသေးသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ် လမ်းမကြီးပေါ်အထိ ရွှံ့နွံများတင်ကျန်ခဲ့သည့်အတွက် အများပြည်သူသွားလာမှု များသည့် နေရာများကို ဦးစားပေးအနေဖြင့် ထိုင်းဒေသ အာဏာပိုင်များနှင့် စစ်ဘက် အင်အားတို့ ပေါင်းပြီး အမြန်ဆုံး လုပ်ဆောင်ရာ ရက်ပိုင်းအတွင်း ရှင်းလင်းသွားသည်ကို တွေ့ရသည်။
အများပြည်သူ အသုံးပြုများသည့် လမ်းများကို ဦးစားပေး ရှင်းလင်းပြီးနောက် ဆက်လက်၍ မယ်ဆိုင်မြို့ပေါ် ရပ်ကွက်များအတွင်း ရွံ့နွံများကြောင့် ပိတ်မိနေသည့် လမ်းမများနှင့် လမ်းသွယ်များကို ယနေ့ စက်တင်ဘာလ(၂၄)ရက်နေ့အထိ ဆက်လက် ရှင်းလင်းနေကြဆဲဖြစ်သည်။
အလားတူ မယ်ဆိုင်မြို့နှင့် မျက််နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်လည်း ဆက်လက်၍ ရှင်းလင်းနေဆဲဖြစ်သည်။
ရှင်းလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ မယ်ဆိုင်ဘက်တွင် ဒေသအုပ်ချုပ်ရေး သက်ဆိုင်ရာဌာနများ၊ စစ်ဘက်အင်အားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လယ်သမားအဖွဲ့အစည်းများ စသည်တို့ အပါအဝင် ၎င်းတို့၏ စက်ယန္တရားများဖြင့် ပူးပေါင်း လုပ်ဆောင်နေကြသလို မြန်မာဘက် တာချီလိတ်တွင်လည်း သက်ဆိုင်ရာဌာနများနှင့်အတူ သတ္တူလုပ်ငန်းရှင်များအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အပြင် ဒေသတွင်းလုပ်ငန်းရှင်များ၏ စက်ယန္တရားများ၏ အကူအညီဖြင့် ဆက်လက် ရှင်းလင်းနေကြသလို ရပ်ကွက်နေပြည်သူများကလည်း ကိုယ်ထူကိုယ်ထ ရှင်းလင်းနေကြရသည်။
တာချီလိတ် နှင့် မယ်ဆိုင်အကြား ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့်အတူ ရွံ့နွံဖုံးလွှမ်းသွားသည့် ဖြစ်စဉ်များကို ကြုံတွေခဲ့ရခြင်း ဖြစ်ရာ လူသေဆုံးမှုများရှိရာတွင် တာချီလိတ်ဘက်က သေဆုံးသူ အနည်းဆုံး (၁၅)ဦးအထက် ရှိခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: แบงค์เครซี่ซาวด์ แม่สาย