KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီး

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီး

မူတြော်ခရိုင် KNU တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၂)လုံး ထိခိုက်ပျက်စီးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်ထံမှ သိရသည်။

မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ကတဲတိနှင့် ထီးသဘလူထာအုပ်စုအတွင်းရှိ ထီးသဲလေးနှင့် ထီးလော်သိထာကျေးရွာအတွင်းသို့ ဖာပွန်မြို့၏ အနောက်တောင်ဖက်ရှိ ကစယ်သဲဖလယ် (တောင်သုံးလုံး) တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်များက လက်နက်ကြီး (၂)လုံး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ဒေသခံများ၏ နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့တပ်ရှုံးနိမ့်မှုများဖြင့် ဆက်တိုက်ရင်ဆိုင်လာရပြီးနောက် လက်နက်ကြီးများ၊ တိုက်လေယာဉ်များကိုသာ တွင်တွင်အသုံးပြုလာရာ၌ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဟူသမျှ အလေးမထားဘဲ တမင်ရည်ရွယ်ကာ နေ့စဉ်ပစ်ခတ်လျက်ရှိကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က အသိပေးထားသည်။

စစ်တပ် အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးများ ပစ်ခတ်ခြင်း ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ကော်သူးလေ အုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေအတွင်း ဒေသခံ (၈၈,၈၉၇)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU-Mutraw News