မန္တလေးတွင် အဆောက်အဦး ပြိုကျမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၅)ဦးအနက် (၂)ဦး စိုးရိမ်ရ

မန္တလေးတွင် အဆောက်အဦး ပြိုကျမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၅)ဦးအနက် (၂)ဦး စိုးရိမ်ရ
စက်တင်ဘာ 24, 2024 | အခြားဒေသများ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း အဆောက်အဦးဟောင်း ပြိုကျရာမှ ကလေးငယ်များ အပါအဝင် (၅)ဦး ထိခိုက် ဒဏ်ရာရရှိသွားရာ (၂)ဦး စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့အကူး နံနက်(၂)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက်၊ လမ်း(၂၀)၊ ၈၆-၈၇လမ်းကြားရှိ (၂)ထပ် အဆောက်အဦးဟောင်း ပြိုကျခြင်း ဖြစ်သည်။

အဆောက်အဦးပြိုကျမှုကြောင့် လူ(၅)ဦးအနက် ကလေးငယ်များမှာ စိုးရိမ်စရာမရှိသော်လည်း အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့မှာ စိုးရိမ်ရကြောင်း သိရသည်။

အဆောက်အဦး ပြိုကျရာ နေရာသို့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များရောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ပေးပြီးနောက် စေတနာ မေတ္တာ ဂရုဏာအသင်း နှင့် ချမ်းသာသုခအသင်းတို့က လူနာများကို မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency 

Photo: Than Htay