ဖြူးမြို့နယ်တွင် PDF တပ်များ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့နေစဉ် စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးများနှင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သားတစ်ဦးဒဏ်ရာရ

ဖြူးမြို့နယ်တွင် PDF တပ်များ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့နေစဉ် စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးများနှင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သားတစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း ဖြူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထောက်ပံ့ကူညီနေစဉ်  စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ် ( ၃၅၀၂) စစ်ကြောင်း၊ စစ်ကြောင်းတပ်ခွဲ-တပ်ခွဲ(၄)ထံမှ သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ နေ့လယ်ပိုင်းက ဖြူးမြို့နယ် လေးအိမ်စုကျေးရွာတွင် တော်လှန် ရေးအင်အားစုများက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးနေစဉ် စစ်ကောင်စီတပ်က ကျေးရွာလှေဆိပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က စကစ က ဒရုန်းနဲ့လာကြဲတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် လာလှူတဲ့နေရာကို အထိအခိုက်တော့ မရှိဘူး။ ညနေပိုင်း လက်နက်ကြီးနဲ့ပစ်တော့ အရပ်သားတစ်ဦးဒဏ်ရာရတယ်။ အခုချိန်အထိ ကျတော်တို့ပူးပေါင်း အဖွဲ့အစည်းတွေအနေနဲ့ အခြေအနေကြည့်ပြီး လှုပ်ရှားနေကြတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ်(၃၅၀၂) စစ်ကြောင်း၊ စစ်ကြောင်းတပ်ခွဲ-တပ်ခွဲ(၄)မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗိုလ်အောက်ထောင်က Tachileik News Agency ကိုပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ညနေ(၆)နာရီဝန်းကျင်တွင်လည်း PDF တပ်များက ကူညီပေးနေစဉ် စစ်ကောင်စီတပ်သည် ဖြူးမြို့နယ် အောက်ခုံရွာထိပ်မှနေ၍ လေးအိမ်စုကျေးရွာကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများကို တပ်ရင်းအမှတ်(၃၅၀၂) စစ်ကြောင်း၊ ဧရာဝတီအမှတ်(၃)တပ်ရင်း၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃)တို့က သွားရောက်ထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency