တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ပြီးခဲ့သည့် (၇) ရက်တာအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး ကလေးငယ် နှစ်ဦးအပါအဝင် (၅) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တောင်ပိုင်စစ်ဒေသ၏ အပတ်စဉ် အချက်အလက်ကောက်ယူမှုအရ သိရသည်။
သေဆုံးခဲ့ရသူတစ်ဦးမှာ စစ်ကောင်စီတပ်၏ အထိန်းကွပ်မဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အရပ်သား (၆၁) ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံခဲ့ရသူ အများစုတွင် သိန်း (၂၀)မှ (၃၀) အထိ ပေးသော်လည်း မိသားစုနှင့် တွေ့ခွင့်မပေးသလို အဆက်အသွယ်မရသည့်အပြင် ၊ အခြားသို့ ပို့ဆောင်ခံရမည်ကို မိသားစုဝင်များ စိုးရိမ်နေကြောင်း သိရသည်။
အင်အားပြုန်းတီးနေခြင်းကို အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းရန် လိုအပ်နေသည့် စစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဉ် (၆) အတွက် တစ်ရပ်ကွက်လျှင် (၁၀)ဦးနှုန်းဖြင့် လူအင်အား စုဆောင်းနေပြီး ၊ ၎င်း၏ လက်အောက်ခံများကလည်း စစ်မှုမထမ်းလိုလျှင် ကျပ်သိန်း (၅၀) အထိ တောင်းခံခြင်းများနှင့် လစဉ် စစ်မှုထမ်းထောက်ပံ့ကြေးများကိုလည်း ကောက်ခံလျှက်ရှိကြောင်း သိရသည်။
ဖော်ပြပါအချက်အလက်များသည် ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိခိုက်သေဆုံးမှုများ ပိုမိုများပြားနိုင်ကြောင်း တောင်ပိုင်းစစ်ဒေသမှ အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်း၌ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ ပါဝင်ကြောင်း သိရသည်။
#TachileikNewsAgency