မြင်းခြံမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံများ ရပ်နားရသည့်အတွက် ရန်ကုန်တွင် မီးပိုပျက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ YESC ဆို

မြင်းခြံမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံများ ရပ်နားရသည့်အတွက် ရန်ကုန်တွင် မီးပိုပျက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ YESC ဆို

မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ရပ်နားရသည့်အတွက် ရန်ကုန်တွင် မီးပိုပျက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ၂၀၂၄ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်သည်။

မြင်းခြံမြို့နယ်အတွင်းရှိ V-Power သဘာ၀ဓာတ်ငွေ့သုံးစက်ရုံ  နှင့် Sembcorp သဘာ၀ဓာတ်အားသုံးစက်ရုံတို့သည် သြဂုတ်လ (၁၂)ရက်နေ့တွင် အရေးပေါ်ရပ်တန့်ခဲ့ရကြောင်း သိရသည်။

ထိုသို့ရပ်တန့်ခြင်းကြောင့် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု (၄၉၂၀)မဂ္ဂါဝပ် နာရီခန့်လျော့နည်းခဲ့ကြောင်း YESC က ဆိုသည်။

အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့်  စက်မှုဇုန်များအား ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မနက်ဆို ၈ နာရီကနေ ၁ နာရီအထိနဲ့ ၁ နာရီကနေ ၅ နာရီအထိ တရက်ခြား ပျက်တယ်၊ ဒီရက်ပိုင်းပိုပျက်လာမယ်ထင်တယ်။ ဘယ်တတ်နိုင်မလဲပေါ့ ၊ ဓာတ်ဆီကလည်း ဝယ်မရ၊ ဖယောင်းတိုင် ဆောင်ထားပြီးနေရမှာပေါ့” ဟု ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးမှ Tachileik News Agency ကို ပြောသည်။

မြင်းခြံခရိုင်အတွင်း တိုက်ပွဲများဖြစ်ပွားလာချိန်တွင် စင်္ကာပူအခြေစိုက် Semcorp Industries အနေဖြင့် မြင်းခြံရှိ 225–MW လျှပ်စစ်ဓာတ်အားထုတ်စက်ရုံအား ယာယီပိတ်သိမ်းလိုက်ကြောင်း အဆိုပါ ကုမ္ပဏီက သြဂုတ်လ (၁၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

#TachileikNewsAgency