ပဲခူးတိုင်း မုန်းမြို့နယ်အတွင်း ရေဘေးသင့် ကျေးရွာများနှင့် ပြည်သူများကို လာရောက်ကူညီသည့် လူမှုကူညီရေးအသင်းများအား စစ်ကောင်စီမှ တားဆီး၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသည့်အပေါ် ပြင်းထန်စွာရှုံ့ချကြောင်း မူး(မုန်း)မြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့မှစ၍ ယခုလက်ရှိအချိန်အထိ စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း (၁၀၃)ရွာ ၊ အိမ်ခြေစုစုပေါင်း (၁၄,၂၆၁)လုံးနှင့် လူဦးရေ စုစုပေါင်း (၄၈,၄၅၃)ဦး ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ကျေးရွာများနှင့် ပြည်သူများအား လာရောက်အကူအညီပေးနေသော လူမှုကူညီရေးအသင်းများအား စစ်ကောင်စီတပ်မှ တားဆီးခြင်း ၊ ခြိမ်းခြောက်ခြင်း ၊ ပစ္စည်းများသိမ်းယူခြင်း ၊ လက်နက်ကြီးဖြင့် လိုက်လံပစ်ခတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေပြီး အဆိုပါ လုပ်ရပ်များအပေါ် ပြင်းထန်စွာရှုံ့ချကြောင်း မူး (မုန်း) မြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက အသိပေးထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများစွာကို အရေးတကြီး လိုအပ်နေသည့်အချိန်ဖြစ်သဖြင့် ပြည်တွင်း၊ပြည်ပ သက်ဆိုင်ရာ လူမှုအကျိုးပြုအဖွဲ့အစည်းများ အနေဖြင့် ကူညီပံပိုးမှုများ ဆောင်ရွက်ပေးကြရန် မူး (မုန်း) မြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက တောင်းဆိုထားသည်။
မူး (မုန်း) မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီသည် ကျေးရွာအရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပြီး ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ကာ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့အစည်းများ သိရှိပါဝင်လာနိုင်စေရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#TachileikNewsAgency