ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်း Siyin ဒေသဖြစ်သည့် အပ်လွယ်ကျေးရွာတွင် ကိုယ်ဝန်ဆောင်နှင့် မီးနေသည်မိခင်တို့အား မိသားစုများရှေ့တွင်ပင် အာဏာသိမ်းတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည့် အဓမ္မမှုများ နိုင်ငံတွင်း ထပ်မံမဖြစ်ပွားစေရေးအတွက် ပြည်သူများစည်းလုံးမှုဖြင့် ကာကွယ်ကြရန် CDM Siyin မှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းလိုက်သည်။
ဒါတွေက တကယ့်ကို လူသားမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဒါကို လုံးဝ ကျွန်တော်တို့ သည်းခံမှာ မဟုတ်ဘူး။ ရှိတဲ့အင်အားနဲ့ကိုပဲ ကျွန်တော်တို့က တတ်နိုင်သမျှ လက်တုန့်ပြန်သွားမယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ ဒါက ကျွန်တော်တို့ ချင်းတောင် စီးယင်းနယ်မှာ အခုမှစပြီးတော့ ခံစားရတာဖြစ်တယ်။ ကျန်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့ ကချင်ပြည်နယ်တို့၊ ကရင်ပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့ စတဲ့နေရာတွေမှာ ရာစုနှစ်ဝက်ကျော်လောက်ကို ဒီစကစနှိပ်စက်တာ၊ လူသားမဆန်တဲ့ပြစ်မှုတွေလုပ်တာကို ခံစားခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အခုချိန်မှာလည်း ကျွန်တော်တို့ ခံစားပြီးပြီ။ နောက်ထပ် ကျွန်တော်တို့အပြင် ဘယ်သူမှ မခံစားဖို့အတွက်ကတော့ ကျွန်တော်တို့ပြည်သူတွေ ရှိတဲ့နေရာအသီးသီးမှာ တစုတလုံးတည်းကို စည်းစည်းလုံးလုံးနဲ့ ဒီ စကစကို အမြန်ဆုံးတိုက်ထုတ်နိုင်ဖို့ ကျွန်တော်တို့ အားတိုက်အင်တိုက်နဲ့ကို ပါဝင်ပြီး တိုက်ခိုက်ဖို့ဖြစ်တယ်
ဟု CDM Siyin ၏ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အာဏာသိမ်းစစ်တပ်အနေဖြင့် နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားအမျိုးသမီးများသာမက မြို့ပေါ်ရှိ နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများအပေါ်တွင်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းဖြစ်ပြီး အလားတူအဖြစ်မျိုး မိမိဒေသတွင် ထပ်မံမဖြစ်ပွားစေရန် လုပ်ဆောင်နေသည့် တော်လှန်ရေးတွင် ပြည်သူအားလုံး ရသည့်နည်းလမ်းဖြင့် စည်းလုံးစွာပါဝင်ကြရန် CDM Siyin ၏ တာဝန်ရှိသူက တိုက်တွန်းသည်။
ကျွန်တော်တို့ ရှေ့တန်းမှာ သွားပြီး သေနတ်ကိုင်မှ မဟုတ်ဘူး။ နောက်တန်းမှာနေပြီးတော့ သတင်းပေးနိုင်တဲ့သူက သတင်းပေး၊ စားစရာ သောက်စရာ ရိက္ခာထောက်ပံ့နိုင်တဲ့သူက ထောက်ပံ့၊ ငွေကြေးတတ်နိုင်တဲ့သူက ငွေကြေးထောက်ပံ့ခြင်းကစလို့ပေါ့နော် ပြည်သူအားလုံးက ဝိုင်းဝန်းပြီးတော့မှ တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင်လုပ်ဖို့၊ ပြည်သူတွေအားလုံး စည်းလုံးဖို့ အင်မတန်မှ လိုအပ်တယ်။ စည်းလုံးပြီး တိုက်ထုတ်မှ ဒီတော်လှန်ရေးကို အောင်နိုင်မှာဖြစ်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ PDF တွေက အားနည်းကောင်း အားနည်းပါလိမ့်မယ် လက်နက်ပိုင်းဆိုင်ရာမှာ။ ဒါပေမဲ့ ကျွန်တော်တို့စိတ်ဓါတ်တွေက လုံးဝကို သူတို့နဲ့ယှဉ်လို့မရဘူးဖြစ်တယ်။ နိုင်ငံအနှံ့မှာရှိတဲ့ မြန်မာပြည်သူတွေ အားလုံးက ဝိုင်းဝန်းပြီးတော့မှ မြန်မာပြည်ထဲမှာရှိတဲ့ PDF အဖွဲ့နာမည်တွေ အမျိုးမျိုး ကွဲချင်ကွဲပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေအတွက် တတ်နိုင်သမျှ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြခြင်းအားဖြင့် ဒီအရေးတော်ပုံ အမြန်ဆုံးပြီးနိုင်မှာဖြစ်တယ်လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်
ဟု CDM Siyin ၏ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားသည်။
ချင်းပြည်နယ် Siyin ဒေသတွင်း အပ်လွယ်ရွာတွင် အာဏာသိမ်းတပ်ဖွဲ့ဝင်များက အမျိုးသမီး (၂) ဦးကို ၎င်းတို့၏နေအိမ်တွင် ခင်ပွန်းသည်နှင့် ကလေးများရှေ့မှာပင် အဓမ္မမှုကျူးလွန်ခဲ့ကြသည့်အပြင် မိသားစုအား အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း၊ လက်ဝတ်လက်စားများပါ ချွတ်ယူသွားခြင်းများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် အဆိုပါလုပ်ရပ်များအတွက် လက်တုန့်ပြန်သွားမည်ဟု CDM Siyin က ထုတ်ပြန်ထားသည်။
စစ်တပ်က ပြည်သူ့ဆန္ဒမဲများကို ပယ်ဖျက်ပြီး နိုင်ငံ့အာဏာသိမ်းထားသည်ကို ပြည်သူများက ငြိမ်းချမ်းစွာဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသော်လည်း အာဏာသိမ်းတပ်က လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွင်းမှုများအပြင် လိုက်လံရှာဖွေ အကြမ်းဖက်ဖမ်းဆီးမှုများကြောင့် လက်နက်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ရပြီးနောက် ဒေသအလိုက် ရရာလက်နက်ဖြင့် ပြည်သူ့ခုခံတော်လှန်စစ်ကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။
ဆက်စပ်သတင်း
- တီးတိန်မြို့နယ် အပ်လွယ်ရွာတွင် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၃)ဦးက တစ်လခွဲအရွယ်ကလေးငယ်၏ မိခင်ဖြစ်သူကို ခင်ပွန်းရှေ့တွင် အဓမ္မပြုကျင့်
- တီးတိန်တွင် အဓမ္မပြုကျင့်မှု ကျူးလွန်သည့် အာဏာသိမ်းစစ်တပ် ကိစ္စမှာ ချင်းတစ်မျိုးသားလုံးသာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးကို စော်ကားမှုဖြစ်ကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး ထုတ်ပြန်ကြေညာ
- တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးကို မိသားစုရှေ့တွင် အဓမ္မပြုကျင့်မှု ထပ်မံ ပေါ်ပေါက်