ငဖဲမြို့နယ် ၊ ကျောင်းကုန်းရွာဟောင်းရှိ ( ကပစ - ၁၄ ) ဂိတ်ကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်

ငဖဲမြို့နယ် ၊ ကျောင်းကုန်းရွာဟောင်းရှိ ( ကပစ - ၁၄ ) ဂိတ်ကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်

မကွေးတိုင်း ငဖဲမြို့နယ် မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိ စစ်ကောင်စီ၏ (ကပစ - ၁၄) ဂိတ်ကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(Chin Defence Force – Asho)မှ သတင်းထုတ်ပြန်သည်။

ငဖဲမြို့နယ်ရှိ (ကပစ - ၁၄) ဂိတ်ကင်းစခန်းအား  ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ နံနက် ငါးနာရီခွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် (၂) နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဇွန်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အပြီးတိုင် စခန်းသိမ်းပိုက်ရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီမှ လေကြောင်းထောက်လှမ်းမှုနှင့် လက်နက်ကြီးပစ်ကူများဆက်တိုက်ပစ်ခတ်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုမှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဂိတ်ကင်းစခန်းမှ တပ်ဖွဲ့ဝင်များ သေဆုံးမှုများရှိခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်-အရှို (Chin Defence Force – Asho)နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

မြန်မာပြည်နိုင်ငံအနှံ့တွင် စစ်ကောင်စီ၏ (ကပစ)ဟု အတိုကောက်ခေါ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံပေါင်း (၂၅)ခုရှိပြီး ၎င်းတို့မှနေ၍ စစ်ကောင်စီလိုအပ်နေသည့် လက်နက်ခဲယမ်းများထုတ်လုပ်လျှက်ရှိကာ မကွေးတိုင်းအတွင်းတွင် ကပစ စက်ရုံ (၁၅)ခုနှင့် အများဆုံးအဖြစ် တည်ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: Chin Defence Force - Asho