တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဝင်ပစ်ခံရပြီး အုပ်ကြီး ၇ ချက်ထိမှန်သေဆုံး

တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဝင်ပစ်ခံရပြီး အုပ်ကြီး ၇ ချက်ထိမှန်သေဆုံး

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခံရကာ အုပ်ချုပ်ရေးမှူး အပါအဝင် သေဆုံးသူများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ဒီနေ့မနက်ပိုင်းမှာ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ဝင်ပစ်တာ။ အုပ်ကြီးက (၇)ချက်ထိပြီး သေတယ်။ အုပ်ကြီး သားက ဒဏ်ရာရတယ်။ စာရေးမလည်း သေတယ်လို့သိရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များရောက်ရှိနေကာ လမ်းပိတ်ဆို့စစ်ဆေးနေပြီး မည်သည့်အဖွဲ့က ဝင်ရောက်ပစ်ခတ်သည်ကိုမူ အသေးစိတ် မသိရသေးပါ။

“အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင်တို့ သေတယ်လို့လည်း သိရပါတယ်။ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင်ကတော့ နေရာမှာပဲသေတာ။”ဟုလည်း ဒေသခံတစ်ဦးက ပြော သည်။

အဆိုပါ ၁၀၇ ရပ်ကွက်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ရာအိမ်မှူး ဆန်းလွင် ဦးခေါင်းပွင့်သေဆုံးပြီး (၂)ဦးဒဏ်ရာ ရရှိခဲ့သေးသည်။

ရန်ကုန်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများသည် ပြည်သူများအား မည်သည့်အတွက်ကြောင့်ဟု ပြောဆိုခြင်းမရှိဘဲ အိမ်ထောင်စုစာရင်းများအား ရပ်ကွက်ရုံးများသို့ ပို့ဆောင်ခိုင်းနေပြီး စစ်မှုထမ်းရန် အတင်းအကြပ်ဖိအားပေးခြင်းတို့ကြောင့် ပစ်ခတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

#TachileikNewsAgency