တန့်ဆည်မြို့နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ရွှေလှန်ရွာကို ရောက်ရှိ၊ မီးရှို့

စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ တွင် မီးရှို့ခဲ့သည့် တန့်ဆည်မြို့နယ် နနွင်းတောရွာ
စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ တွင် မီးရှို့ခဲ့သည့် တန့်ဆည်မြို့နယ် နနွင်းတောရွာ
တန့်ဆည်မြို့နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ရွှေလှန်ရွာကို ရောက်ရှိ၊ မီးရှို့
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် တန့်ဆည်မြို့အရှေ့ဘက်ရှိ ရွှေလှန်ရွာတွင်ရောက်နေပြီး ကျေးရွာအတွင်း မီးရှို့နေသည်ဟု သိရသည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့က ငတန်းရွာကို မီးရှို့ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ရွှေလှန်ရွာကို ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းကို ကန့်ဘလူမြို့နယ်ဘက်မှဝင်လာသည့် အင်အား (၁၀၀)ဝန်းကျင်ပါသည့်

စစ်ကောင်စီတပ် စစ်ကြောင်းသည် တန့်ဆည်မြို့နယ်အရှေ့ပိုင်းဖလံချိုင်၊ ငတန်းရွာများမှတစ်ဆင့် ယနေ့တွင် ရွှေလှန်ရွာသို့ ရောက်လာခြင်းဖြစ်ရာ အနီးဝန်းကျင်ကျေးရွာများ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အလားတူ တန့်ဆည်မြို့နယ် မြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ကျေးရွာများတစ်လျှောက်တွင် နေအိမ်များ မီးရှို့ခံနေရသဖြင့် ဒေသခံများမှာ စစ်ကြောင်းလာသည် သတင်းကြားသည်နှင့် ဘေးလွတ်ရာနေရာများကို တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ်အတွင်း ၎င်းတို့စစ်ကြောင်းရောက်ရာကျေးရွာများတွင် နေအိမ်များ မီးရှို့နေရာ အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ နေအိမ်ပေါင်း(၂၆၄၀) လုံး၊ သာသနိက

အဆောက်အဦး (၉)လုံး၊ကျေးရွာစာကြည့်တိုက် တစ်ခု၊ ကျေးရွာဆေးပေးခန်း တစ်ခုတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း Voice of Taze-VOT က ရရှိသည့်အချက်အလက်များကို အခြေခံ၍ ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း နေအိမ်များ မီးရှို့ခံရမှုများ ဆက်လက်ဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများလည်း တိုးလာနေဆဲဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း တန့်ဆည်မြို့နယ်အပါအဝင် မြို့နယ်အများအပြားကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက အင်တာနက်ဖြတ်တောက်ထားခြင်းဖြစ်သည်။