ကရင်နီပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးစီမံချက်ချမှတ်ကာ အရေးယူတော့မည်ဟု IEC ကြေညာ

ကရင်နီပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးစီမံချက်ချမှတ်ကာ အရေးယူတော့မည်ဟု IEC ကြေညာ
စက်တင်ဘာ 4, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးစီမံချက်ချမှတ်ကာ ‌အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင် လူမှုဘဝလုံခြုံပြီး မျှတစွာရှင်သန်ရပ်တည်ခွင့်ရှိစေရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ(စစ်ဦးစီးအဖွဲ့)နှင့် ပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးစီမံချက် ချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝပူးပေါင်းကြရန်နှင့် အထူးစီမံတားမြစ်သည့်လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် သတိပေးထားသည်။

ပြည်သူလူထုများအကြား လူမှုစီးပွားရေး အခက်အခဲများစွာရှိနေပြီး ဘဝရပ်တည် ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့်ကာလတွင် ပြည်သူလူထုကို ပိုမိုအကြပ်အတည်းဖြစ်စေသည့်အပြင် တော်လှန်‌ရေးကို ပိုမိုအားနည်းစေသည့် ကြီးလေးသော ရာဇဝတ်မှုများနှင့် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုများ ထူပြောလာနေသဖြင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနှင့် တော်လှန်ရေး အားကောင်းစေရေးတို့အတွက် တရားဥပဒေစိုးမိုး ရေးစီမံချက် ကို ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်၊

အဆိုပါစီမံချက်ကို ပြည်သူလူထုနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူအားလုံး အတူလက်တွဲ၍ ပူးပေါင်းသွားရမည်ဖြစ်ပြီး စီမံချက်ပါ တားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များဖြစ်စေ၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကာ လိုအပ်ပါက ရာဇဝတ်မှုနှိမ်နှင်းခြင်းဆိုင်ရာ အထူးစစ်ဆင်ရေးများကို ဖော်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။  

အထူးတားမြစ်ထားသည့် အကြောင်းအရာများမှာ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်နှင့်မညီသော လုပ်ငန်းများ၊ လိင်ဖျော်ဖြေရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်း၊ အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုများနှင့် သတင်းပေးမှုများ၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်ဖြစ်စေသည့် လုပ်ရပ်များ၊ တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှန်းရေး လုပ်ဆောင်ခြင်း၊ အထူးတားမြစ်မည်ဖြစ်သည့် တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင်လက်နက်များကိုင်ဆောင်မှုနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှု စသည့်အချက်များပါဝင်သည်။

ထို့အပြင် မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ မြေပြင်လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများ (Online Game) ဖြစ်ကြသည့် Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည်တို့အပါအဝင် အခြားသော အွန်လိုင်းဂိမ်းများကို အသုံးပြု၍ စီးပွားဖြစ်လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းများကိုလည်း အရေးယူမည်ဟု ဆိုသည်။

တရားဥပဒေစိုးမိုးရေးစီမံချက်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၂၄) ရက်နေ့အထိ အသိပညာပေးမှုများဆောင်ရွက်မည်ဖြစ်ပြီး အသိပညာပေးကာလကုန်ဆုံးပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့မှစ၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ (Task Force)နှင့် အထူးတပ်ဖွဲ့ (Special Force) တို့ကို ဖွဲ့စည်းကာ ထိရောက်စွာကိုင်တွယ်မည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency