တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၄)ဦး ဒဏ်ရာရ

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၄)ဦး ဒဏ်ရာရ
စက်တင်ဘာ 19, 2024 | အခြားဒေသများ

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ ၊ ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၁) လုံး ပျက်စီးသွားကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့၌ သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးပြီး ကျွဲထိန်းကုန်းကျေးရွာကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ( ၃ ) ဦးနှင့် အမျိုးသား ( ၁ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာလ (၁၂) ရက်နေ့တွင် စစ်ကောင်စီတပ်က ကွင်းသစ်ကျေးရွာကို ဒရုန်းဗုံး (၂) လုံးဖြင့် တိုက်ခိုက်၍ နေအိမ်တလုံး ပျက်စီးသွားကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ ၅ မိုင်၊ ၆ မိုင်၊ ဘန်လော၊ ဘန်သင် နှင့် သကျက်ကျေးရွာအုပ်စုတို့အတွင်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးရာဒေသများမှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရ၍ အကူအညီများ လိုအပ်နေကြသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းထားသည့်( ၃ ) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ဘိတ် - ထားဝယ် ခရိုင်အတွင်း ဒေသခံ ( ၂၄၇၁၂၇ ) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU