ထိုင်းအစိုးရက အထူးရေဘေးကယ်ဆယ်ရေးအတွက် ဘတ်ဂျက် ထိုင်းဘတ်ငွေ (၃) ဘီလီယံကျော် သုံးစွဲရန် အတည်ပြု

ထိုင်းအစိုးရက အထူးရေဘေးကယ်ဆယ်ရေးအတွက် ဘတ်ဂျက် ထိုင်းဘတ်ငွေ (၃) ဘီလီယံကျော် သုံးစွဲရန် အတည်ပြု
စက်တင်ဘာ 18, 2024 | နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံတွင်း ရေဘေးဒုက္ခသည်များကို အစိုးရ၏ ဘဏ္ဍာရေးအကူအညီအဖြစ် ထောက်ပံ့ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက ဗဟိုအစိုးရဘတ်ဂျက်မှ  ဘတ်ငွေ ၃.၀၄ ဘီလီယံ တင်ပြတောင်းခံထားမှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့တွင် အစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။



အစိုးရအဖွဲ့သစ်၏ ပထမဆုံး အပတ်စဉ်အစည်းအဝေးတွင် အတည်ပြုပေးလိုက်သည့် အဆိုပါ ရေဘေးကယ်ဆယ်ရေးအထူးဘတ်ဂျက်သည် မေလမှစ၍ ရေကြီးမှုဒဏ်ခံခဲ့ရသော ပြည်နယ် (၅၇) ခုရှိ ခန့်မှန်းခြေ အိမ်ထောင်စု (၃၃၈,၃၉၁ )ကို ထောက်ပံ့ရန် ဖြစ်သည်ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထရိုင်ဆာရီ တိုင်ဆာရာနာကူက ပြောသည်။

အစိုးရအထောက်အပံ့အဖြစ် တစ်အိမ်ထောင်လျှင် ဘတ် (၅,၀၀၀) မှ (၉,၀၀၀) အထိ ပေးရန်လျာထားကြောင်း သိရသည်။

ရက်ပေါင်း (၃၀) အထိ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် အိမ်ထောင်စုများ အနေဖြင့် အိမ်ထောင်တစ်စုလျှင် ဘတ်ငွေ (၅,၀၀၀) စီကို လည်းကောင်း၊ ရက်ပေါင်း (၃၁)ရက်မှ ရက်ပေါင်း (၆၀) အတွင်း ရေဘေးသင့်ရသည့် မိသားစုများ အနေဖြင့် တစ်စုလျှင် ဘတ် (၇,၀၀၀) စီကို လည်းကောင်း၊ ယင်းထက် ကာလကြာရှည် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများ အနေဖြင့် ဘတ် (၉,၀၀၀) စီကို လည်းကောင်း တင်ပြတောင်းခံခွင့်ရရှိကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် (၇၀) ရာခိုင်နှုန်းထက်မနည်း ရေဘေးသင့် ပျက်စီးခဲ့ရသည့် အိမ်ထောင်စုများအနေဖြင့် ဘတ်ငွေ (၂၃၀,၀၀၀) ထပ်ဆောင်း ခံစားခွင့်ရမည်ဟု ဝန်ကြီးချုပ် ပေတုန်တန် ရှနာဝပ်ထရာ၏  အကြံပေးပုဂ္ဂိုလ်က ပြောသည်။

ရေကြီးမှုအပါအဝင် မုန်တိုင်းနှင့် မြေပြိုမှုများကြောင့် ဘေးဒဏ်သင့်ရမှုများကို  တိုက်ရိုက်စီမံခန့်ခွဲမည့် ကော်မတီတစ်ခုကိုလည်း ဝန်ကြီးချုပ်သစ်က ဖွဲ့စည်းတာဝန်ပေးထားသည်။

ယင်းအပြင် မဲခေါင်ဒေသတွင်း ရေစီမံခန့်ခွဲရေးကိစ္စများအတွက်  မြန်မာအပါအဝင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် အလေးအနက် ဆွေးနွေးမှုများ လုပ်ရန်လိုအပ်သည်ဟု ဝန်ကြီးချုပ်သစ်က ဆိုသည်။



မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်စဉ်များ ပိုများလာမည်ဟု ခန့်မှန်းထားသောကြောင့် သက်ဆိုင်ရာဌာနများအားလုံးကို ၎င်းတို့၏ သဘာဝဘေးအန္တရာယ် သတိပေးချက်စနစ်များ၏ လုပ်ဆောင်ချက်များ သေချာ၊ ကောင်းမွန်စွာ ရှိရေးနှင့် ရေကြီးမှု ထပ်မံကြုံတွေ့ရဖွယ်ရှိသည့် ဒေသများရှိ ပြည်သူများအနေဖြင့် သတိပေးချက်များကို အချိန်မီ ချက်ချင်းရရှိစေရေး လုပ်ဆောင်ကြရန် ဝန်ကြီးချုပ်က ညွန်ကြားထားကြောင်း သိရသည်။